Monday, January 6, 2014

သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အား ကေအန်ယူ ခေါင်းဆောင်များမှ တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့

Monday, January 6, 2014
အောင်ဇော်ထွန်း

နိုင်ငံတော်သမ္မတနှင့် ကေအင်န်ယူခေါင်းဆောင်များ ဇန်န၀ါရီ ၅ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-Hla Maung Shwe/Facebook)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ကေအန်ယူခေါင်းဆောင်များမှ နေပြည်တော်၌ သွားရောက်တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကေအန်ယူခေါင်းဆောင်များသည် ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းက နေပြည်တော် ဧက ၅၀၀ စံပြစိုက်ခင်းရှိ လယ်တောဆောင်တွင် ၂ နာရီနီးပါး တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် Myanmar Peace Center မှ တာဝန်ရှိသူများပါဝင်ပြီး ကေအန်ယူဘက်မှ ဗိုလ်ချုပ်ကြီးမူ တူးဆေးဖိုး၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုမန်းငြိမ်းမောင်နှင့် တပ်ပိုင်းဆိုင်ရာအရာရှိများ စုစုပေါင်း ၁၂ ဦး ပါဝင်သည်ဟု Myanmar Peace Center မှ သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအန်ယူခေါင်းဆောင်များသည် ဇန်န၀ါရီ ၅ ရက် မွန်းလွဲပိုင်း၌ နေပြည်တော်တွင် ၁ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသား အစည်းအရုံးမှ ပဒိုစောကွယ်ထူးဝင်းက “အဓိကကတော့ ကျွန်တော်တို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မယ့် ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးပါတယ်။ အခုလာမယ့် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသားညီလာခံကိစ္စ၊ နောက်ပြီးတော့ ဘားအံမှာလုပ်မယ့် ကျွန်တော်တို့ ဆွေးနွေးမယ့် ကိစ္စမှာ အောင်မြင်ချင်တဲ့သဘော ကျွန်တော်တို့ အဲဒါကို တင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ သမ္မတကြီးကတော့ မူလရည်ရွယ်ချက်ရှိတဲ့အတိုင်း ပြည်တွင်းအပစ်အခတ်ရပ်စဲရေး လုပ်နိုင်ပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ စတင်နိုင်ဖို့ သူကလိုလားတာပေါ့” ဟု ပြောကြားသည်။

“သမ္မတကြီးနဲ့လည်း တွေ့ခဲ့တယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ခဲ့တယ်။ သူတို့ဆန္ဒကလည်း တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် လိုလိုလားလား ရှိကြတယ်။ ဆန္ဒရှိကြတယ်။ ကြိုးစားကြဖို့လည်း သူတို့ကလည်း နှိုးဆော်တာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားဘက်ကလည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ တင်ပြခဲ့တယ်။ ဆွေးနွေးခဲ့တယ်။ ဒါကိုလည်းသူတို့က အများကြီးဝမ်းသာတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း သူတို့ကပေးဖို့လည်း သူတို့ကတော့ ဆန္ဒရှိကြတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

“ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှစ်ဖက်လုံးကနေပြီးတော့ တွေ့ဆုံဆွေးနွေးရေးကနေ အပစ်အခတ်ရပ်ပြီးတော့ စားပွဲဝိုင်းမှာ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးနည်းနဲ့ ဖြေရှင်းကြဖို့ ထပ်ပြီးတော့ ညှိနှိုင်းကြတာပေါ့” ဟု Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ကေအန်ယူခေါင်းဆောင်များသည် ၂၀၁၂ ခုနှစ်အတွင်းတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ် တွေ့ဆုံမှု အပါအ၀င် လေးကြိမ်တွေ့ဆုံခဲ့ကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအန်ယူခေါင်းဆောင်များသည် ယခုအကြိမ် အပါအ၀င် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...