Monday, January 13, 2014

ယခင် စက်မှု (၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ ပြောကြားချက်များကို ဟံသာဝတီဦးဝင်းတင် မေးခွန်းထုတ်စိန်ခေါ်

Monday, January 13, 2014
နေထွန်းနိုင်

NLD သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင် ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်ပြီး ယခင် စက်မှု (၁) ၀န်ကြီးဟောင်းဖြစ်သော ဦးအောင်သောင်း၏ ပြောကြားချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်းတင်က မေးခွန်းထုတ်ပြီး စိန်ခေါ်ခဲ့သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၃ တွင် ဖော်ပြခဲ့သော အင်တာဗျူး၌ ဦးအောင်သောင်းက NLD ပါတီဝင်များကို ဝေဖန်ပြောကြားခဲ့သည့် စကားကို ဟံသာဝတီဦးဝင်းတင်က ဇန်န၀ါရီ ၁၀ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၄၄ တွင် ဖော်ပြသော အင်တာဗျူးမှတစ်ဆင့် မေးခွန်းထုတ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ဇန်န၀ါရီ ၃ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဦးအောင်သောင်းက “တကယ်တော့ လက်ရှိနိုင်ငံရေး အနေအထားအရ ကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အင်အားနည်းနည်းတောင့်တင်းတဲ့ သဘောရှိတာပေါ့။ NLD ဆို ဒေါ်စုကြည်ပဲရှိတယ်။ နောက်လိုက်သိပ်မရှိဘူး။ အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးများ ရမလားဆိုပြီးတော့ ၀င်လာတဲ့နိုင်ငံရေးသမား ဖြစ်နေတယ်။ တကယ့်နိုင်ငံရေးကို နားလည်ယုံကြည်ပြီးတော့ NLD ရဲ့ လမ်းစဉ်မူဝါဒတွေ ကောင်းတယ်။ အဲဒါတွေသာ တိုင်းပြည်ကြီး တည်ဆောက်လို့ရတယ်။ အလွန်ကောင်းမှာပဲ။ ချမ်းသာသွားမှာပဲ။ အောင်မြင်သွားမှာပဲ။ ကမ္ဘာကလည်း လက်ခံမှာပဲဆိုတဲ့ ဒီလိုအမြင်နဲ့ကနည်းတယ်” ဟု ပြောကြားခဲ့သည်။

ဦးအောင်သောင်း၏ ပြောကြားချက်ကို ဟံသာဝတီဦးဝင်းတင်က ပြန်လည်တုံ့ပြန်ရာ၌ “ဒီတော့ ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် ဘယ်လိုဖြေမလဲ” ဟု ပြောကြားခဲ့သည်ကို မြန်မာသံတော်ဆင့်တွင် ဖော်ပြထားချက်အရ သိရသည်။

“ဒီတော့ ခင်ဗျားတို့ရော ဘယ်လိုလုပ်ခဲ့သလဲ။ တိုင်းပြည်က ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ခိုးဖို့၊ ၀ှက်ဖို့လုပ်၊ သိုလှောင်ထားပြီး ချမ်းသာနေတာ မဟုတ်လား။ ခင်ဗျားတို့ ပိုင်ဆိုင်မှုတွေ ထုတ်ပြနိုင်သလား။ အဲသလိုယှဉ်ပြီးမေးရင် သူတို့ဘယ်လိုဖြေမလဲ” ဟု ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

ဦးဝင်းတင်က ထိုသို့တုံ့ပြန် ပြောကြားခဲ့ပြီးနောက် နှစ်ရက်အကြာ ထွက်ရှိခဲ့သည့် The Messenger သတင်းဂျာနယ်၌ ဦးအောင်သောင်း၏ အင်တာဗျူး ထပ်မံပါဝင်လာခဲ့ပြီး ထိုအင်တာဗျူး၌ ၎င်း၏ပြောစကားများနှင့် ပတ်သက်ပြီး “အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာ ဖြစ်ပါတယ်” ဟု ဦးအောင်သောင်းက ထည့်သွင်းပြောကြားခဲ့သည်။

“အခု ဦးဝင်းတင်က ပြောတာရှိပါတယ်။ အဲဒါ သံတော်ဆင့်ကလူတွေရေးတာ မှားသွားတာဖြစ်ပါတယ်။ ကျွန်တော် အဲဒီလိုပြောတာလည်း မဟုတ်ဘူး။ ဆွေးနွေးခန်းလည်း မဟုတ်ဘူး။ အာလာပ သလ္လာပအနေနဲ့ ပြောတာပါ။ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ။ NLD ပါတီတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ပါတီမှာလည်း ရာထူးရရှိမှု၊ အခွင့်အရေး ရလိုမှုတွေ ပါတယ်ဆိုတာကို သူက NLD လို့ပဲ သွားရေးလိုက်တာ။ ကျွန်တော့် ပါတီကို မထည့်ဘူး။ အမှန်တော့ ကျွန်တော့်ပါတီကိုလည်း ပြောတာပဲ” ဟု ဦးအောင်သောင်းက ဇန်န၀ါရီ ၁၂ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ-၄၊ အမှတ်- ၃၄ တွင် ပြောကြားခဲ့သည်။

ဦးအောင်သောင်းက ၎င်း၏ချမ်းသာမှုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားဝင်ချမ်းသာခြင်းသာ ဖြစ်သည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။


ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ခေါ်တာလဲ။ ဦးအောင်သောင်းဆိုရင် အရင်တုန်းက သူဘာလုပ်လဲ။ ကျောင်းဆရာလုပ်တယ်။ နောက်စစ်တပ်ထဲဝင်တယ်။ အာဏာသိမ်းတယ်။ ဒါကို အမျိုးသားနိုင်ငံရေးလို့ ခေါ်သလား။ သူ့ကိုယ်သူ အမျိုးသားနိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးသမားလို့ ပြောလို့ရလား။ နိုင်ငံရေးသမားဆိုလည်း သူတို့ဟာ ကိုယ်ကျိုးရှာဖို့အတွက် လောဘဇောတိုက်ပြီးတော့ နိုင်ငံရေး လုပ်ကြတာဆိုရင် . . . . .

“ဦးဝင်းတင်ကလည်း Messenger ထဲမှာလည်းပါတယ်။ သူတို့ချမ်းသာနေတဲ့ဟာ ဘာလို့ချမ်းသာနေရသလဲ။ ဘာကြောင့်ချမ်းသာနေရသလဲနဲ့ ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားဝင် ကိုယ့်ဟာကိုယ် ချမ်းသာတာပါ။ ကျွန်တော်တို့မှာ အဲလောက်ကြီးလည်း မရှိပါဘူး။ အထိုက်အလျောက်ပဲ ရှိတာပါ။ ကျွန်တော့်သားက အောင်မြင်တာပေါ့။ စီးပွားရေးမှာ အောင်မြင်တာပေါ့။ တရားဝင်ကိုပဲ အောင်မြင်တာပါ။ သားကအောင်မြင်တော့လည်း ကျွန်တော်ကမိဘပဲ။ ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲနဲ့ ကြိုးစားပြီး ရုန်းကန်ခဲ့ကြရတာပဲ။ ဘ၀ကတော့ကျေတယ် ကျွန်တော်က။ ဒီလို တက်လာတယ် ဆိုတာက သားရဲ့အောင်မြင်မှု အရိပ်အရသာကို ကျွန်တော်တို့က ခံရတာပေါ့” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းတို့အနေဖြင့် (၁၉၈၈ ခုနှစ်၌) အာဏာသိမ်းခြင်းမရှိဘဲ ထိုအချိန်တွင် မည်သည့်အစိုးရမှ မရှိခြင်းကြောင့် အာဏာထိန်းပြီးမှသာ အစိုးရလုပ်ခြင်းဖြစ်ကြောင်း The Messenger သတင်းဂျာနယ်တွင် ဦးအောင်သောင်းကဆိုသည်။

ဦးအောင်သောင်းနှင့် The Messenger သတင်းဂျာနယ် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်၊ စွမ်းအားရှင် အဖွဲ့အစည်းအကြောင်း၊ ဦးအောင်သောင်း တာဝန်ယူခဲ့ဖူးသော စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်မှု၊ သူရဦးရွှေမန်းနှင့် သမ္မတဖြစ်ခွင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပေါ်အမြင်၊ (ဗိုလ်ချုပ်မှူးကြီး) ဦးသန်းရွှေနှင့် ဆက်ဆံရေး အစရှိသည်တို့လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အရေးပါသော ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်မှာ ခက်ခဲမည်ဟု ဦးအောင်သောင်းက The Messenger ၌ ပြောကြားသည်။

“...ပြင်မယ်ဆိုရင်လည်း လွှတ်တော်ထဲမှာ အောင်မြင်ဖို့ အတော်ခဲယဉ်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားလိုတဲ့ဆန္ဒတော့ရှိတယ်။ အောင်မြင်မှုတော့ ရလောက်မှာမဟုတ်ဘူး” ဟု ဦးအောင်သောင်းကဆိုသည်။

၎င်းသည် စွမ်းအားရှင်အဖွဲ့၏ ပဲ့ကိုင်ရှင်မဟုတ်ကြောင်းနှင့် စွမ်းအားရှင်သည် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုခြင်းကို မပြောလိုကြောင်း ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော် သိလည်းမသိဘူး။ ကိုင်လည်းမကိုင်ခဲ့ဖူးဘူး။ ကျွန်တော်လည်းမဟုတ်ဘူး။ အဲဒါ အခြားအဖွဲ့အစည်းတွေပါ။ ရှိတော့ရှိတယ်။ အခြားအဖွဲ့အစည်းတွေ လုပ်နေတာတော့သိတယ်။ အုပ်ချုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ကျွန်တော်စုဆောင်း ပေးခဲ့တာလည်း မရှိခဲ့ဘူး။ မသိခဲ့တာ ကျွန်တော်လုပ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ အဲဒီအထဲ ကျွန်တော်ဝင်ပါခွင့်လည်း မရှိခဲ့ဘူး။ အဲဒီတော့ ဒါလည်းပဲ ဘယ်အဖွဲ့အစည်းလို့လည်း ကျွန်တော်မပြောလိုတော့ဘူး။ ကျွန်တော်မပါဘူး။ နည်းနည်းမှမပါခဲ့ဘူး” ဟု ဦးအောင်သောင်းက ပြောကြားသည်။

ထို့ပြင် ၎င်းတာဝန်ယူခဲ့စဉ်က စီမံကိန်း ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိနိုင်ကြောင်းနှင့် ထိုမှားယွင်းမှုများကို သက်ဆိုင်ရာ စီမံကိန်းမန်နေဂျာများက ဖြေရှင်းရသည်ဟု ဦးအောင်သောင်းကဆိုသည်။

“...ကျွန်တော်တို့ အပေါ်ပိုင်းကြောင့် မှားယွင်းပြီးဖြစ်တဲ့ဟာ တစ်ခုမှမရှိပါဘူး။ စီမံကိန်းအားလုံးဟာ ဒီအတိုင်းပဲ စနစ်ကျပါတယ်” ဟု ဦးအောင်သောင်းက ပြောကြားသည်။

မိမိအပါအ၀င် အဖွဲ့အားလုံး၏ ဗဟုသုတ၊ အတတ်ပညာ၊ အမြင်နည်းပါးမှုကြောင့် အားနည်းမှုများ ရှိကောင်းရှိနိုင်သော်လည်း (စီမံကိန်းများနှင့် ပတ်သက်၍) မည်သူကမျှ မသမာမှု ပြုလုပ်ခြင်းမရှိကြောင်း ဦးအောင်သောင်းက အခိုင်အမာ ပြောဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် စီမံကိန်းတာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်ထဲ ရောက်နေသူများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဝေဖန်ပြောကြားချက်များကိုလည်း ဦးအောင်သောင်းက The Messenger မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

“....ဦးရဲထွဋ်ဆိုရင်လည်း ကိုယ့်ဆီကလူပါပဲ။ ပါတီကအနိုင်ရလို့ ဒုဝန်ကြီးအဖြစ် ပါလာတဲ့လူပဲ။ သူတောင်ကျွန်တော်တို့ကို အထင်လွဲတဲ့သဘောရှိတယ်။ ဒါတွေကတော့ သူပြောထားတာတွေ ကျွန်တော်ဖတ်ရတယ်။ ဖတ်ရတော့ သြော်သူက ပြောရေးဆိုခွင့် ရှိတယ်ဆိုပေမယ့် စည်းကျော်ပြီး ပြောတယ်လို့ ယူဆပါတယ်။ သူ့သဘောနဲ့သူ ပြောတာလားတော့ ကျွန်တော်မသိဘူး။ သူကတော့ ဒီလိုပြောတဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ သူ့ထက်ကြီးတဲ့သူ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် ပြောသလားဆိုတာတော့ သံသယရှိတယ်။ သို့သော် ကျွန်တော်ဘာမှမပြောပါဘူး။ စမ်းကြည့်လို့ ရပါတယ်။ အားလုံးက သူပြောသလိုလည်း မဟုတ်ပါဘူး။ သို့သော် နာမည်ပျက်စေချင်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးအောင်သောင်းကဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် သူရဦးရွှေမန်းကို သမ္မတတင်မည်ဟု ဦးအောင်သောင်းက ပြောကြားသည်။

“...ကျွန်တော်တို့ သူရဦးရွှေမန်းကိုပဲ တင်မှာပါ။ ကျွန်တော်တို့ပါတီက တင်မှာပါ။ ပါတီတစ်ခုမှာတော့ များသောအားဖြင့် ဥက္ကဋ္ဌလုပ်နေတဲ့သူကိုပဲ တင်တာများပါတယ်။ သူကလည်းပဲ လုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ အရည်အချင်း ရှိပါတယ်။ လုပ်နိုင်တဲ့စွမ်းရည် ရှိသလို အသက်လည်း အနည်းငယ်ရပါတယ်။ သက်တမ်းတစ်ခုအတွက်တော့ လုံလောက်ပါတယ်။ ပါတီကတော့ သူ့ကိုပဲတင်မှာပါ” ဟု ဦးအောင်သောင်းက The Messenger တွင် ပြောကြားခဲ့ပါသည်။

EMG

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်

Monday, January 13, 2014


လှိုင်သာယာရှိ တည်ဆောက်ဆဲ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာကို တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပထမဆုံး အပိုင်းထဲမှာ ၃၂ လုံး စဆောက်တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီးမှာ။ ၁၀ လုံးကို ဒီလကုန်ပြီးမှာပေါ့။ ခြောက်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ တည်ဆောက်မှုကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက PAE စနစ်နဲ့ တည်ဆောက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပွင့်လန်းလာသည့် ရန်ကုန်မြို့၏ စီးပွားရေး အခွင့်အလမ်းများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ၀င်ရောက်လာခြင်း၊ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် နိုင်ငံတစ်ဝှမ်းမှ လုပ်သားများ ရွှေ့ပြောင်းအခြေချလာခြင်းတို့ကြောင့် ရန်ကုန်မြို့တော်၏ လူဦးရေသည် ယခင်ကထက် သိသိသာသာ တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

“ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီးတော့ ဘယ်သူတွေကို ရောင်းချပေးမယ် ဆိုတာကအစ စီစဉ်နေတုန်းပါပဲ။ ၀န်ထမ်းတွေကို အဓိကထားတာလား။ အားလုံးအတွက်လား အသေးစိတ် မသိရသေးပါဘူး” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့နေ ပြည်သူများနေရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်နှင့် အိမ်ရာထုတ်လုပ်ရေးသည် အရေးတကြီး လိုအပ်နေသည့်လုပ်ငန်း ဖြစ်သည့်အားလျော်စွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

EMG

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ပါမောက္ခ ဒေါက်တာရဲမြကိုရွေးချယ်

Monday, January 13, 2014
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) အလုပ်အမှုဆောင် အဖွဲ့ဝင်များက ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်


မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ယခုနှစ်မှ အသစ်ဝင်ရောက် ယှဉ်ပြိုင်သည့် သွေးရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြကို ဇန်န၀ါရီ ၁၂ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) တွင် ရွေးချယ်ခဲ့သည်။

ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမှုများကို ဇန်န၀ါရီ ၁၂ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ၌ ပထမဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ထားသည့် အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ် ရှစ်ဦးမှ ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာရဲမြ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဒေါက်တာအေးအောင်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာမြင့်သောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာစောဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါက်တာမြသီတာ၊ ဥက္ကဋ္ဌ (ပညာရေးရာ) အဖြစ် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဥက္ကဋ္ဌ (ပညာရေးရာ-၁) အဖြစ် ဒေါက်တာကျော်ဇင်ဝေနှင့် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဒေါက်တာအက်စ်ကျော်လှတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါမောက္ခ ဒေါက်တာရဲမြသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲတွင်လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။

ယခုအသစ်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ရှစ်ဦးမှာ မဲအရေအတွက် ၁၅၆ မဲအထက် ရရှိထားသူများဖြစ်ကြောင်းနှင့် တာဝန်ခွဲဝေ ပေးအပ်ထားသည့် အဖွဲ့ဝင်ရှစ်ဦးကို “မြန်မာနိုင်ငံ ဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်” က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ပါမောက္ခ ဒေါက်တာရဲမြမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခဌာနမှူး (သွေးရောဂါအထူးကုဌာန)မှ အငြိမ်းစားဆရာဝန်ကြီးဖြစ်သည်။

အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ်များအနက် ယခင်အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ၁၆ ဦး ပြန်လည်ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှ အသစ်ဝင်ရောက် ယှဉ်ပြိုင်သည့် အဖွဲ့ဝင်သစ်ဦးရေ ၃၉ ဦး စုစုပေါင်း ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

EMG

အိမ်ရာဆောက်လုပ်ရန်နှင့် လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများဝယ်ယူရန် ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် နှစ်ရှည်ချေးငွေဖြင့် စတင်ရယူနိုင်


Monday, January 13, 2014
နီလာ

အိမ်ရာနှင့်ပတ်သက်ပြီး ချေးငွေရယူနိုင်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၆၀)တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကို ဇန်န၀ါရီ ၁၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လုံးချင်းအိမ်၊ ကွန်ဒိုနှင့် တိုက်ခန်း၊ အိမ်ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေများ စတင်ရယူနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ်ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်း ချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

"အခုဘဏ်စဖွင့်ပြီဖြစ်တဲ့အတွက် အိမ်ရာဝယ်ယူဖို့ ချေးငွေလိုအပ်တယ်ဆိုရင် ဒီဘဏ်ကနေ ချေးငွေရယူနိုင်ပါပြီ။ နှစ်ရှည်ချေးငွေဖြစ်တဲ့အတွက် အတိုးနှုန်းကတော့ တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ ချေးငွေထုတ်ချေးမယ်ဆိုတာ ၀န်ထမ်းမှရယ်မဟုတ်ပါဘူး။ ပုံမှန်ဝင်ငွေရှိမယ်။ ပြန်ဆပ်နိုင်တဲ့ အခြေအနေရှိမယ်ဆိုရင် ဘဏ်က ငွေထုတ်ချေးမှာပါ"ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေနှင့်အညီ ဖွဲ့စည်းထား၍ ၂၀၁၃ ခုနှစ် ဇူလိုင်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်ဘီလျံ ၁၀၀ ဖြစ်ကြောင်း၊ ၀န်ဆောင်မှုလုပ်ငန်းများအနေဖြင့် အပ်ငွေလက်ခံခြင်းတွင် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးခြင်းအပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသဖြင့် အဆိုပါဘဏ်များရှိသည့် မြို့ဒေသများသို့ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကို လဲလှယ်ဝယ်ယူရောင်းချနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်

Monday, January 13, 2014
နေထွန်းနိုင်

ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား ကြိုဆိုထားသည့်မုခ်ဦးကို တွေ့ရစဉ်


မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူပြီးနောက် ပထမဆုံးပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Ministers Retreat) ကို ဇန်န၀ါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားပြီး အစည်းအဝေးတွင် အကြောင်းအရာသုံးရပ်ကို အဓိကဦးတည် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက် ၁၇ နှစ်တာကာလအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်အချိန်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သော်လည်း ထိုအချိန်က မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက ကန့်ကွက်ခဲ့ကြသဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်လွှတ်ခဲ့ရသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ရယူခဲ့သည်။

သို့သော် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ယူခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားချိန် ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ကြိုးပမ်းမှု၏ ရလဒ်အနေဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာက အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာက ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင်ရယူခဲ့သည်။

ခရေဆယ်ပွင့်နှင့် အရှည်လျားဆုံးဆောင်ပုဒ်

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရယူချိန်တွင် အသုံးပြုမည့် အာဆီယံအထိမ်းအမှတ် အမှတ်အသား (logo) မှာ အာဆီယံ အမှတ်တံဆိပ်အား ခရေပန်းဆယ်ပွင့်ဖြင့် ၀န်းရံထားသည့် ပုံသဏ္ဌာန်ဖြင့် ဖော်ကျူးခဲ့သည်။


အဆင့်မြင့် အရာရှိတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက ဇန်န၀ါရီ ၁၄ မှာ ရန်ကုန်ရောက်မယ်။ ၁၅ ရက်မှာ ပုဂံရောက်ပြီး ၁၆ ရက်မှာ အစည်းအဝေးလုပ်မယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေက ၁၅ ရက်နေ့မှာ ရန်ကုန်ရောက်ပြီး ၁၆ ရက်မှာ ပုဂံရောက်မယ်။ ၁၇ ရက်မှာ အစည်းအဝေးလုပ်ပြီး ၁၈ ရက်မှာ ပြန်ကြမယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးက . . . . .

အလှည့်ကျ ဥက္ကဋ္ဌတာဝန်အရ မြန်မာနိုင်ငံအတွက် ရွေးချယ်ပေးခဲ့သည့် အာဆီယံကြွေးကြော်သံဆောင်ပုဒ်မှာ အာဆီယံသမိုင်းတစ်လျှောက် အရှည်လျားဆုံး ဆောင်ပုဒ်တစ်ခုဖြစ်သည်။ ထိုဆောင်ပုဒ်ကို ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဆောင်ပုဒ်အပြည့်အစုံမှာ Moving forward in unity towards a peaceful and prosperous Community ဖြစ်ပြီး ‘ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ’ ဟူ၍ မြန်မာဘာသာဖြင့် ဖွင့်ဆိုခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ရရှိပြီးနောက် မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်မည့် အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်သည်။

ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားပြီး ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရွှေနန်းတော်ဟိုတယ်၊ နန်းမြင့်ဆောင်၌ ပြုလုပ်မည်ဖြစ်သည်။

လေးရက်ကြာပြုလုပ်ရန် သတ်မှတ်ထားသော်လည်း အစည်းအဝေး၏ အဓိကဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်န၀ါရီ ၁၇ ရက် တစ်ရက်တည်းသာ ပြုလုပ်မည်ဖြစ်သည်။ ဇန်န၀ါရီ ၁၆ ရက်တွင် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ အစည်းအဝေးနှင့် အာဆီယံအဆင့်မြင့် အရာရှိများ (Prep-SOM) အစည်းအဝေးကို ပြုလုပ်မည်ဖြစ်သည်။ “အဆင့်မြင့် အရာရှိတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်တွေက ဇန်န၀ါရီ ၁၄ မှာ ရန်ကုန်ရောက်မယ်။ ၁၅ ရက်မှာ ပုဂံရောက်ပြီး ၁၆ ရက်မှာ အစည်းအဝေးလုပ်မယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေက ၁၅ ရက်နေ့မှာ ရန်ကုန်ရောက်ပြီး ၁၆ ရက်မှာ ပုဂံရောက်မယ်။ ၁၇ ရက်မှာ အစည်းအဝေးလုပ်ပြီး ၁၈ ရက်မှာ ပြန်ကြမယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထူးက Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

အဓိကအကြောင်းအရာ သုံးရပ်

ပုဂံမြို့တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်သတ်မှတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ သို့ရာတွင် ဦးတည်ဆွေးနွေးရမည့် အဓိကအကြောင်းအရာ သုံးရပ်ကို အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဘက်က ကြိုတင်ရေးဆွဲထားကြောင်း သိရသည်။

ထိုအကြောင်းအရာ သုံးရပ်မှာ (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ချမှတ်ခဲ့သော အကြောင်းနောက်ဆက်တွဲများကို ဆွေးနွေးခြင်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ (ASEAN Community) အလွန် မျှော်မှန်းချက်များနှင့် အာဆီယံ ပြင်ပဆက်ဆံရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရော၊ အာဆီယံ အမြဲတမ်းကိုယ်စားလှယ် အစည်းအဝေးရော၊ အဆင့်မြင့် အရာရှိများ အစည်းအဝေးရော ဒီသုံးခုလုံးက မြန်မာက ဥက္ကဋ္ဌတာဝန်ယူပြီး ပထမဆုံးလုပ်တဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

မေလထိပ်သီးအတွက် ကြိုတင်ပြင်ဆင်

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အာဆီယံ အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးများကို မြန်မာနိုင်ငံ၌ ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ထိုအစည်းအဝေးများသည် မေလတွင် နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်ထားသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်သည့် အစည်းအဝေးများ ဖြစ်လာမည်ဟု ဦးအောင်ထူးကဆိုသည်။


ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်မှုများကို တွေ့ရစဉ်

(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မေ ၄ ရက် နှင့် ၅ ရက်တွင် နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါထိပ်သီးအတွက် အကြိုဆွေးနွေးပွဲများကို ဧပြီလအတွင်း ဆက်တိုက်ပြုလုပ်ရန်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလအတွင်း၌ အာဆီယံ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေး၊ အာဆီယံ ဗိသုကာပညာရှင်များ ကောင်စီအစည်းအဝေး၊ အာဆီယံ ကာကွယ်ရေးဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ရန်ရှိသည်။ မတ်လတွင် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ အာဆီယံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိများ အစည်းအဝေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ၊ လူမှုရေးနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးများအပြင် အာဆီယံ လူထုဖိုရမ်ကိုပါ ကျင်းပရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားချိန်တွင် အစည်းအဝေး မည်မျှကျင်းပမည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း တစ်နှစ်တာကာလအတွင်း အစည်းအဝေး ၃၀၀ မှ ၄၀၀ အတွင်း ကျင်းပရန် အကြမ်းဖျင်းလျာထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

အာဆီယံ စတင်တည်ထောင်သည့် ခုနှစ် - ၈ ရက် သြဂုတ်လ ၁၉၆၇ ခုနှစ်
အဖွဲ့ဝင်နိုင်ငံ - ၁၀ နိုင်ငံ ( အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီး ယား၊လာအို၊ ဗီယက်နမ်)
လေ့လာသူ နိုင်ငံများ - အရှေ့တီမော၊ ပါပွာနယူးဂီနီရာ
အာဆီယံပဋိဥာဏ် စတင်သည့်နေ့ - ၁၆ ရက် ဒီဇင်ဘာ ၂၀၀၆
အာဆီယံလူဦးရေ - ၆၀၂ သန်း
အာဆီယံဂျီဒီပီ (၂၀၁၁ ခုနှစ်စာရင်း) - ၂၃၅၆ ထရီလီယံ
အာဆီယံ အတွင်းရေးမှူးချုပ် - လီလောင်မင်း (ဗီယက်နမ်)
အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာနိုင်ငံ - အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့။
အလှည့်ကျဥက္ကဋ္ဌ (၂၀၁၄ ခုနှစ်အတွက်) - မြန်မာနိုင်ငံ


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ

၁။ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊
၂။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political-Security Community) ကို သုံးသပ်ခြင်း၊
၃။ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံစီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC (ASEAN Socio-Cultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊
၎။ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊
၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊
၆။ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊
၇။ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊
၈။ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များ
၉။ နိုင်ငံတွင်းကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်း


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်၌ မြန်မာနိုင်ငံက လုပ်ဆောင်သွားမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားထားသည့် အချက်များ

အာဆီယံအသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ ဖြစ်စေရန်အတွက် ရည်ရွယ်ပြီး-

၁။ ရာသီဥတု ပြောင်းလဲခြင်း
၂။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း
၃။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ
၎။ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊
၅။ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေး
၆။ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ

EMG

ဟိုတယ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများ ရှိသော်လည်း မြိတ်ကျွန်းစု တောင်ပိုင်းကျွန်းတိုင်းတွင် ဟိုတယ်တည်ဆောက်မည်ဆိုသော သတင်းမှာ မဟုတ်မှန်



Monday, January 13, 2014
ဇော်မိုးဦး(မြိတ်)

မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်း၌ ဆိုက်ကပ်ထားသော ငါးဖမ်းလှေများ


တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစု တောင်ပိုင်းဒေသများတွင် ပြည်တွင်း၊ ပြည်ပမှ ဟိုတယ်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားမှုများ ရှိသော်လည်း ကျွန်းတိုင်းတွင် ဟိုတယ်တည်ဆောက်မည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြိတ်ကျွန်းစုတောင်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း ကျန်ရှိနေသည့် ကျွန်းများဖြစ်သောကြောင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှုများပြားကာ လုပ်ငန်းရှင်များမှလည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်း လာလုပ်တဲ့သူတွေက အရမ်းနည်းပါတယ်။ ကျွန်တော်တို့လည်း လာရောက်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်။ ဒေသဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့လည်း ဒီလိုကမ်းလှမ်းမှုကို လက်ခံပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းတာပဲရှိပြီး လက်တွေ့မှာ လာလုပ်ကြတဲ့သူတွေ အရမ်းနည်းပါတယ်။ ကျွန်းတိုင်းမှာ ဟိုတယ်ဆောက်ဖို့ မပြောနဲ့ လန်ပိကျွန်းတန်းနား တစ်ဝိုက်ကိုပဲ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားနေကြတာပဲဖြစ်တယ်” ဟု တနင်္သာရီတိုင်းဒေသကြီး အစိုးရဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတိုင်းတွင် ဟိုတယ်များတည်ဆောက်မည်ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်ဝန်ကြီးမှ ပြောကြားကြောင်း သတင်းများပျံ့နှံ့နေပြီး အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“မြိတ်ကျွန်းစုမှာ ကျွန်းပေါင်းက ၈၀၀ ကျော်ရှိပါတယ်။ ဘယ်လိုလုပ် ကျွန်းတိုင်းမှာ ဟိုတယ်ဆောက်လို့ ရမှာလည်း လန်ပိကျွန်း၊ ခရင်းခွကျွန်းတို့လို ရေအောက်သန္တာကျောက်တန်းတွေကို လေ့လာတာတွေ၊ လှပတဲ့သဲသောင်တွေမှာ အပန်းဖြေတာတွေ၊ ဆလုံတိုင်းရင်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ စတဲ့သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ ပြည်ပမှာဆိုရင် သြစတြေးလျနိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လန်ပိကျွန်း၊ ခရင်းခွကျွန်းနှင့် ဇာဒက်ကြီးကျွန်းများမှာ နိုင်ငံခြားခရီးသွားများ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ကျွန်းများဖြစ်ပြီး လန်ပိကျွန်းတန်းကြီးမှာ မြန်မာပြည်၏ တစ်ခုတည်းသော အဏ္ဍ၀ါအမျိုးသား ဥယျာဉ်ကြီးဖြစ်ကြောင်း သိရသည်။ မြိတ်ကျွန်းစုတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရွံ့မြေများ၊ ရွံ့ဆန်သောကမ်းခြေများ ပေါများကာ တောင်ပိုင်းဒေသဖြစ်သည့် ကော့သောင်းအပိုင် ကျွန်းတန်းများမှာ လှပသည့်ကျွန်းများ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်၏ အကြီးဆုံးကုန်သွယ်မှု လုပ်ငန်းစုတစ်ခုဖြစ်သည့် Marubeni ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရန်စီစဉ်

Monday, January 13, 2014
ချမ်းမြေ့သူ

ဂျပန်နိုင်ငံရှိ ရုံးချုပ်အားတွေ့ရစဉ် (ဓာတ်ပုံ-en.wikipedia.org)


ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှု လုပ်ငန်းစုတစ်ခုဖြစ်သည့် Marubeni ကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရန်နှင့် အခြားလုပ်ငန်းများ၌ မြှုပ်နှံရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်အခြေစိုက် Marubeni ကော်ပိုရေးရှင်း၏ ရန်ကုန်ရုံးခွဲမှ အထွေထွေမန်နေဂျာဖြစ်သူ Mr. Tetsuro Terasaka နှင့်အဖွဲ့သည် ဇန်န၀ါရီ ၈ ရက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကဲ့သို့ လာရောက်တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်မည့်စီမံကိန်း အစီအစဉ်အကြောင်းကို အဓိကဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်၍ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့် စည်းကမ်းချက်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Marubeni ကော်ပိုရေးရှင်းကို ၁၈၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၆၅ နိုင်ငံတွင် ကုမ္ပဏီခွဲနှင့် ရုံးခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ကာ စားသောက်ကုန်၊ အထည်၊ ဓာတု၊ တွင်းထွက်အရင်းအမြစ် ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ယန္တရားပစ္စည်းများ ကုန်သွယ်ခြင်း လုပ်ငန်းအပြင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် ကော်ပိုရေးရှင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွင် JICA မှ ထုတ်ချေးမည့် အိုဒီအေချေးငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၃၈၀ ကျော် အသုံးပြုမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်-သီလ၀ါ တံတားစီမံကိန်းအား ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့်အတူ JICA မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Sunday, January 12, 2014

ဈေးနှုန်းများသည်ဟု ဝေဖန်မှုအချို့ရှိသော်လည်း ဒဂုံမြောက်ပိုင်းရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား ၀ယ်လိုကြောင်း လျှောက်ထားသူများပြား

Sunday, January 12, 2014

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား တွေ့ရစဉ်


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ်နေသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများ ၀ယ်ယူခွင့်အတွက် လျှောက်လွှာများကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင်လျှောက်ထားခွင့်ပြုခဲ့ရာ လျှောက်ထားသူများပြားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယင်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများအား အရစ်ကျဝယ်ယူမှုစနစ်နှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူမှုစသည့် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေမှာ အနည်းဆုံး လေးနှစ်ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဈေးနှုန်းများအနေဖြင့် အရစ်ကျဝယ်ယူပါက အနည်းဆုံး ကျပ် ၂၃၇ သိန်းဖြစ်၍ ဈေးများသည်ဟု အခြေခံလူတန်းစားအချို့အကြား ဝေဖန်မှုများရှိနေသော်လည်း လျှောက်ထားသူများပြားနေခြင်း ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၁၄ လုံး ပါဝင်မည်ဖြစ်ပြီး အခန်းဈေးနှုန်းများမှာ အများဆုံး ၃၂၉ သိန်းမှ အနည်းဆုံး ကျပ် ၂၃၇ သိန်းအထိဖြစ်သည်။

အရစ်ကျဖြင့် ၀ယ်ယူမှုအတွက် တိုက်ခန်းတစ်ခန်းလျှင် စာချုပ်ချုပ်ဆိုသည့်အချိန်၌ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ ဒုတိထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ စတုတ္ထထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ ဆဋ္ဌမထပ်ပြီးပါက ၁၅ ရာခိုင်နှုန်း၊ တိုက်အမိုးမိုးပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းနှင့် တိုက်ခန်းအားအပ်နှံသည့်အချိန်တွင် ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်ချေးငွေဖြင့် ၆၁၄ စတုရန်းပေရှိသည့် အခန်းတန်ဖိုး ၂၅၅ သိန်းအား ၀ယ်ယူမည်ဆိုပါက ကြိုတင်ငွေ ရာခိုင်နှုန်း ၃၀၊ (Bank Commision Charge) ၁ ရာခိုင်နှုန်း၊ ပထမနှစ်ဘဏ်တိုး ၉ ရာခိုင်နှုန်းတို့ပေါင်း၍ စုစုပေါင်း ရာခိုင်နှုန်း ၄၀ အား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးချေရမည်ဖြစ်ပြီး၊ ဒုတိယနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ တတိယနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်း၊ စတုတ္ထနှစ် ဘဏ်တိုး ၅ ရာခိုင်နှုန်းနှင့် လစဉ်ပေးသွင်းငွေ (၄၈ လအတွက်)တစ်လလျှင် ကျပ် ၃၇၁၈၇၅ ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုနှင့် ဘဏ်တိုးများတည့်တွက်လိုက်ပါက တိုက်ခန်း၏ စုစုပေါင်းကုန်ကျငွေမှာ ကျပ် ၃၀၀၃၉၀၀၀ (ကျပ်သိန်းသုံးရာကျော်) ကျသင့်မည်ဖြစ်ပြီး ထပ်ဆောင်းပိုပေးရငွေ ကျပ် ၄၅ သိန်းရှိမည်ဟု ထုတ်ပြန်ထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ၂၀ နှစ်ရှိရမည်ဖြစ်ပြီး ပြင်ပမှလျှောက်ထားသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူအိမ်ထောင်ဦးစီး ဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ၏ မိသားစုလစဉ်ဝင်ငွေသည် အနည်းဆုံး ကျပ်သုံးသိန်းရှိရမည်ဟု သတ်မှတ်ထားပြီး ဇန်န၀ါရီ ၃၁ ရက်နောက်ဆုံးထား၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ လျှောက်လွှာတင်ရမည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် အိမ်ရာဆောက်လုပ်ပေးနိုင်မှုမှာ အိမ်ထောင်စုဦးရေ၏ သုံးပုံတစ်ပုံခန့်သာရှိသောကြောင့် အိမ်ရာများ မလုံလောက်သေးကြောင်း၊ သို့ဖြစ်၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်နေရာ ဈေးနှုန်းများအနေဖြင့်လည်း တန်ဖိုးနည်းဟုဆိုသော ဈေးနှုန်းမှာလည်း အခြေခံလူတန်းစားများ လက်လှမ်းမမီသော ဈေးနှုန်းများဖြစ်နေပြီး တန်ဖိုးမျှတအိမ်ရာမှာလည်း အခြေခံလူတန်းစားများ ပို၍ပင်လက်လှမ်းမမီသည့် ဈေးနှုန်းများဖြစ်နေသည်။

သို့သော် ယခုလျှောက်ထားမှု များနေခြင်းမှာလည်း ငွေကြေးတတ်နိုင်သော အထက်တန်းလွှာတူတန်းစားများပင် ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

မြောက်ဥက္ကလာပ (ည) ရပ်ကွက်ရှိ မီးတားဧရိယာနှင့် မီးသတ်ရေကန်ကိုမြေဖို့ပြီး အဆောက်အအုံဆောက်ရန် ပြင်ဆင်သည့်အတွက် ရပ်ကွက်နေလူထုက ဆန္ဒပြ



Sunday, January 12, 2014


ဆန္ဒထုတ်ဖော်နေကြသည့် မြောက်ဥက္ကလာပမြို့နယ်(ည) ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ဇန်န၀ါရီ ၁၁ ရက်က တွေ့ရစဉ်


မြောက်ဥက္ကလာပ (ည) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးပေါ် ဘုမ္မာလမ်းနှင့် ဧရာလမ်းကြားရှိ မီးတားဧရိယာနှင့် မီးသတ်ရေကန်တို့ကို မြေဖို့ပြီး အဆောက်အအုံဆောက်လုပ်ရန် ပြင်ဆင် ခြံစည်းရိုးခတ်သည့်အတွက်ဟုဆိုကာ ရပ်ကွက်နေပြည်သူ ၂၀၀ ခန့်က ဇန်န၀ါရီ ၁၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှာ မီးသတ်ရေလှောင်ကန်အား ပြန်လည်တူးဖော်ပေးရေး၊ မီးတားမြေကွက်ပြန်လည်ရရှိရေး၊ နိုင်ငံတော်အကြီးအကဲများ ဆုံးဖြတ်ပေးရေး၊ မြေချပါမစ်များအား အမြန်ရုပ်သိမ်းပေးရေးစသည့် ကြွေးကြော်ချက်များကို ဟစ်ကြွေခဲ့ကြပြီး သုနန္ဒာလမ်းမကြီးမှ အဆိုပါ မီးတားဧရိယာနှင့် မီးသတ်ရေကန်အထိ ဆန္ဒပြခဲ့ကာ သက်ဆိုင်ရာ ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးတားမြေကွက်ဖြစ်သော ဆန္ဒပြမြေကွက်ပေါ်တွင် ပေ ၈၀၊ ပေ၆၀ အကျယ်ရှိ မြေကွက်နှစ်ကွက်ကို၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ ပါမစ်ချထားပေးခဲ့ပြီး ဒေါ်နီလာလွင်မှ ပြန်လည်ဝယ်ယူခဲ့ပြီး ၎င်းအကွက်များ၏ အနောက်ဘက် ပေ ၅၀၊ ပေ ၁၆၀ ကိုလည်း ထပ်မံလျှောက်ထားပြီး ၎င်းကပင် ၂၀၁၂ ခုနှစ်တွင် ထပ်မံဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်အတွင်းတွင်ပင် ဆန္ဒပြသော ရပ်ကွက်သူ၊ ရပ်ကွက်သားများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီလိုရပ်ကွက်ရဲ့ အများပြည်သူအတွက် အသုံးပြုတဲ့နေရာကို တစ်ဦးတစ်ယောက်က ၀ယ်သွားတာကို မကျေနပ်ပါဘူး။ မီးတားဧရိယာနဲ့ မီးသတ်ဖို့ ရေကန်တွေဖြစ်တဲ့အပြင် အခုလို ခြံစည်းရိုးခတ်လိုက်တဲ့အတွက်ကြောင့် မီးသတ်ကားကလည်း အရေးအကြောင်းဆို တစ်စီးစာလောက်ပဲ ၀င်လို့ရပါတော့တယ်။ကျွန်တော်တို့ကတော့ အဲဒီနေရာကိုပဲပြန်လိုချင်ပါတယ်။ အစားပြန်ထိုးပေးတာမျိုးကို မလိုချင်ပါဘူး”ဟု ဆန္ဒပြသူကိုဝင်းလှိုင်က ပြောကြားသည်။

သူတို့ဘက်က တရားစွဲမယ်ဆိုရင်လည်း ကျွန်မက ရင်ဆိုင်သွားဖို့ အသင့်ပါပဲ၊ ကိုယ့်ဆီမှာ တရားဝင်အချက်အလက်တွေ အများကြီးရှိပါတယ်။ ဟိုတုန်းကတည်းက တရားဝင်လျှောက်တဲ့ လူတွေဆီက ကျွန်မက ပြန်ဝယ်ထားတာပါ။ သူတို့လိုချင်တဲ့ အတိုင်းပြန်ပေး မပေးဆိုတာကတော့ သက်ဆိုင်ရာချထားပေးတဲ့ ဌာနတွေကိုပဲ သူတို့သွားပြောသင့်ပါတယ်”ဟု လက်ရှိမြေကွက်များကို ပိုင်ဆိုင်သူ ဒေါ်နီလာလွင်က The Daily Eleven သို့ ပြောကြားသည်။


EMG

စံရိပ်ငြိမ် (၅) လမ်းရှိ တိုက်ခန်းခန်း၌ သံပန်းဂဟေဆော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

Sunday, January 12, 2014


မီးလောင်ကျွမ်းရာသို့လာရောက်ငြိမ်းသတ်နေသည့် မီးသတ်ကားတစ်စီး (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


ဇန်န၀ါရီ ၁၁ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် စံရိပ်ငြိမ်(၅)လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် သံပန်းဂဟေဆော်ရာမှ မီးလောင်ကျွမ်းမှုတစ်ရပ် jဖစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု စတင်jဖစ်ပွားစေခဲ့သည့် တိုက်ခန်းမှာ အမှတ်(၄၅) ၆ လွှာ ခြေရင်းခန်းဖြစ်ပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းရင်းမှာ တိုက်ခန်းနောက်ဖေးသံပန်းတံခါးအား သံဂဟေဆော်ရာမှ မီးပွားလွင့်စဉ်ပြီး အောက်ထပ်ရှိ အမှိုက်ပုံပေါ်သို့ကျကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုမှာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းရာသို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများ အပါအ၀င် မီးသတ်ကားပေါင်း ၁၁ စီး လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှူး ရဲသူရိန်သိန်းမြင့်က “ရပ်ကွက်ထဲမှာ မီးဘေးအန္တရာယ်ဖြစ်ပွားစေနိုင်တဲ့ လုပ်ငန်းခွင်တွေ လုပ်မယ်ဆိုရင် မီးသတ်တပ်ဖွဲ့သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စတာတွေကို အကြောင်းကြားပြီးမှ လုပ်ရမှာပါ။ ခုတော့ ဒီလိုမဟုတ်ဘူး။ လုပ်ချင်တိုင်းလုပ်ပြီးမှ မီးလောင်မှုဖြစ်တော့ ထွက်ပြေးတယ်။ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေတယ်”ဟု ပြောကြားသည်။
အဆိုပါ မီးလောင်ကျွမ်းမှုအတွက် သံပန်းဂဟေဆော်သူ နိုင်လင်းအောင်အား ကမာရွတ်မြို့မရဲစခန်းက (ပ)၁၃/၂၀၁၄၊ ပြစ် မှုပုဒ် မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်

Sunday, January 12, 2014


မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးနေသူများကို တွေ့ရစဉ်


မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲကို ပထမဦးဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ဇန်န၀ါရီ ၁၁ရက်၊ မွန်း လွဲ ၁၂ နာရီခွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)၌ ကျင်းပခဲ့သည်။

ယခင် မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၃၇ ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် ယခုရွေးချယ်တင်မြှောက်ပွဲတွင် အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ် ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ထားပြီး မဲအရေအတွက်ရရှိမှုပေါ်မူတည်၍ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်များအနက် ယခင်အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ၁၆ ဦး ပြန်လည် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှအသစ်ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့ဝင်သစ်ဦးရေ ၃၉ ဦး စုစုပေါင်း ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခဲ့တာက လူဦးရေ ၆၀ ဆိုပေမယ့် အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်စုစုပေါင်းက ၅၅ ဦးပဲရှိခဲ့တယ်။ အဲဒီအထဲကမှ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော်ရခဲ့တဲ့သူ ရှစ်ဦးကို အဖွဲ့ဝင်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ မဲလာပေးတဲ့သူဦးရေ က ၃၁၁ ဦးရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းဇင်(ငြိမ်း)က ပြောကြားသည်။

ပြန်လည်ရွေးချယ်ခံသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းများတွင် ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှ၊ ပါမောက္ခ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာခိုင်စိုးဝင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်မျိုးဝင်း၊ ဒေါက်တာခင်မောင်ချစ်၊ ဒေါက်တာခင်မာအေး၊ ပါမောက္ခ ဒေါက်တာအေးအေးကြီး၊ဒေါက်တာ အေးအောင်၊ ဒေါက်တာယုယုလွင်၊ ဒေါက်တာတင်တင်လှ၊ဒေါက်တာစိုးဝင်း၊ဒေါက်တာခင်မောင်ဝင်း၊ ဒေါက်တာမြသီတာ၊ ဒေါက်တာဝင်းဇော်၊ ဒေါက်တာမြင့်ဇော်နှင့် ဗိုလ်မှူးကြီး(ငြိမ်း) ဒေါက်တာမျိုးညွန့်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် အသစ်ဝင်ရောက်လာသည့် အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်များမှာ ဒေါက်တာဘရွှေ၊ ဒေါက်တာကျော်လင်း၊ ဒေါက်တာမျိုးသက်ထွန်း၊ ဒေါက်တာရင်ရင်စိန်၊ ဒေါက်တာစိုးမြင့်၊ ဒေါက်တာလွင်မေဦး၊ဒေါက်တာတင်ဇော်မောင်၊ ဒေါက် တာဝင်းလွင်သိန်း၊ ဒေါက်တာတင်ညွှန့်၊ ဒေါက်တာရဲမြ၊ ဒေါက်တာသန်းထွဋ်၊ ဒေါက်တာကျော်ဇင်ဝေ၊ ဒေါက်တာသန်းထိုက်၊ ဒေါက်တာခင်မျိုးလှ၊ ဒေါက်တာကျော်ဝင်း၊ဒေါက်တာမီမီကို၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာဝင်းမင်း၊ ဒေါက်တာမိုးမိုးတင်၊ ဒေါက်တာအေင်ထွဋ်၊ ဒေါက်တာသန်းထွန်းအောင်၊ ဒေါက်တာဇော်တင်၊ ဒေါက်တာသက်နိုင်မောင်၊ ဒေါက်တာအောင်စိုး၊ ဒေါက်တာဝဏ္ဏထွန်း၊ ဒေါက်တာစောဝင်း၊ ဒေါက်တာဝေလိုဘီထွန်းလင်း၊ ဒေါက်တာတင့်တင့်ကြည်၊ ဒေါက်တာဝေမြင့်၊ ဒေါက်တာဗွီဂျေကူးမား၊ ဒေါက်တာတင်အေး၊ ဒေါက်တာရာဇာမင်းထူး၊ ဒေါက်တာစိုးအောင်၊ ဒေါက်တာခင်ဆွေဝင်း၊ ဒေါက်တာစိုးမြတ်ထွန်း၊ ဒေါက်တာကျော်စံဝင်း၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမောင်မောင်သန်းနှင့် ဒေါက်တာမာလာဝင်းတို့ ပါဝင်လာခဲ့သည်။

အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်ရှစ်ဦးမှာ ဒေါက်တာမြသီတာ၊ ပါမောက္ခဒေါက်တာ အက်စ်ကျော်လှ၊ ဒေါက်တာဝင်းမြတ်အေး၊ ပါမောက္ခဒေါက်တာစောဝင်း၊ ဒေါက်တာအေးအောင်၊ ပါမောက္ခဒေါက်တာကျော်ဇင်ဝေ၊ ဒေါက်တာရဲမရ၊ ဒေါက်တာမြင့်သောင်း တို့ဖြစ်ကြပြီး ၎င်းတို့မှာ မဲအရေအတွက် ၁၅၆ မဲအထက်ရရှိကြသူများဖြစ်ကြောင်း သိရသည်။

ထိုအရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်ရှစ်ဦးကို လျှို့ဝှက်မဲစနစ်အရ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမှုများကို ဇန်န၀ါရီ၁၂ ရက်(ယနေ့)တွင် ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

EMG

ရှမ်းပြည်နယ်တွင် ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခု ဖက်စပ်နိုင်ငံခြားမြှုပ်နှံမှု လုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်

Sunday, January 12, 2014
ချမ်းမြေ့သူ

တရုတ်နှင့် မြန်မာကုမ္ပဏီတို့ အကျိုးတူ တူးဖော်လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)


ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်၌ ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခုမှ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအား တရုတ်ကုမ္ပဏီဖြစ်သည့် Sichuan Henglu Industrial ကုမ္ပဏီ၊ Good Plus Star Mining ကုမ္ပဏီ(စီချွမ်) တို့ပူးပေါင်း၍ GPS Joint Venture ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန် နေပြည်တော်၌ ဇန်န၀ါရီ ၈ ရက်၌ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ယူ၍ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် တင်ပြမှုအပေါ် စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်အတွက် မြန်မာကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ချင်းပြည်နယ်အတွင်းရှိ မြွေတောင် ဖားတောင်စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining Investment ကုမ္ပဏီက ပြင်ဆင်နေပြီး စမ်းသပ်ရှာဖွေမှုများပြီးစီးပါက စီးပွားဖြစ်ထုတ်လုပ်ခွင့်ပြုရန် တင်ပြထားကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA ၊ SIA စစ်တမ်းများလုပ်ဆောင်စေခြင်း၊ EIA အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များပြည်စုံမှသာ ပြည်တွင်းသတ္တုကဏ္ဍ၌ မြှုပ်နှံရန် ခွင့်ပြုချက်များ ချပေးခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၃၃ သန်းကျော်ရှိကြောင်း သိရသည်။

အိမ်ရာဆောက်လုပ်ရန်နှင့် လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများဝယ်ယူရန် ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် နှစ်ရှည်ချေးငွေဖြင့် စတင်ရယူနိုင်



Sunday, January 12, 2014
နီလာ


အိမ်ရာနှင့်ပတ်သက်ပြီး ချေးငွေရယူနိုင်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၆၀)တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကို ဇန်န၀ါရီ ၁၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လုံးချင်းအိမ်၊ ကွန်ဒိုနှင့် တိုက်ခန်း၊ အိမ်ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေများ စတင်ရယူနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ်ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်း ချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

"အခုဘဏ်စဖွင့်ပြီဖြစ်တဲ့အတွက် အိမ်ရာဝယ်ယူဖို့ ချေးငွေလိုအပ်တယ်ဆိုရင် ဒီဘဏ်ကနေ ချေးငွေရယူနိုင်ပါပြီ။ နှစ်ရှည်ချေးငွေဖြစ်တဲ့အတွက် အတိုးနှုန်းကတော့ တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ ချေးငွေထုတ်ချေးမယ်ဆိုတာ ၀န်ထမ်းမှရယ်မဟုတ်ပါဘူး။ ပုံမှန်ဝင်ငွေရှိမယ်။ ပြန်ဆပ်နိုင်တဲ့ အခြေအနေရှိမယ်ဆိုရင် ဘဏ်က ငွေထုတ်ချေးမှာပါ"ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေနှင့်အညီ ဖွဲ့စည်းထား၍ ၂၀၁၃ ခုနှစ် ဇူလိုင်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်ဘီလျံ ၁၀၀ ဖြစ်ကြောင်း၊ ၀န်ဆောင်မှုလုပ်ငန်းများအနေဖြင့် အပ်ငွေလက်ခံခြင်းတွင် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးခြင်းအပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသဖြင့် အဆိုပါဘဏ်များရှိသည့် မြို့ဒေသများသို့ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကို လဲလှယ်ဝယ်ယူရောင်းချနိုင်ကြောင်း သိရသည်။



အီးယူမှပေးအပ်သည့် GSP အခွင့်အရေးအရ ကုန်ကြမ်းယူ၍ ကုန်ချောထုတ်သည့် လက်ခစားလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း မြန်မာ့ရေထွက်ကုန် လုပ်ငန်းရှင်များ ပြောကြား

Sunday, January 12, 2014
ရန်မျိုးအောင်

ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ခု၏ လုပ်ငန်းခွင်အား တွေ့ရစဉ်


အီးယူမှပေးအပ်သည့် GSP အခွင့်အရေးအရ ပြည်ပသို့ ရေထွက်ကုန်တင်ပို့ရာတွင် ကုန်ကြမ်းယူ၍ ကုန်ချောထုတ်သည့် လက်ခစားလုပ်ငန်းများ တိုးတက်လာနိုင်ကြောင်း မြန်မာ့ရေထွက်ကုန် လုပ်ငန်းရှင်များက ပြောကြားသည်။

ရေထွက်ကုန်တင်ပို့ရာတွင် အီးယူမှ ကုန်သွယ်မှု အခွန်အကောက်ခံရသည့် အခြားကုန်သွယ်ဖက်နိုင်ငံများမှ ကုန်သွယ်မှုအခွန် ကင်းလွတ်ခွင့်ရထားသည့် မြန်မာနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ ကုန်ကြမ်းများကို ကုန်ချောအဖြစ်ဖြင့် ဖြန့်ဖြူးလာမည်ဖြစ်သဖြင့် ယင်းမှကုန်ကြမ်းယူ၍ ကုန်ချောအဖြစ် ပြန်လည်ထုတ်သည့် လက်ခစားစနစ် CMP လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း သိရသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အရင်ကအီးယူကို မသွားရဘူး။ သွားရင် ဘင်္ဂလားဒေ့ရှ်က အခွန်သုညဆိုတော့ ဘင်္ဂလားဒေ့ရှ်ကိုပို့တယ်။ အခွန်ချွတ်တယ်။ အခွန်ချွတ်တယ်ဆိုတာ ဟိုရောက်တော့ အခွန်နည်းပြီးတော့ ဘင်္ဂလားဒေ့ရှ်ကနေ အီးယူသွားတယ်။ ဗမာထုတ်ကုန်လည်းပျက်ပြီး သူများဆီကနေ ကပ်လိုက်သွားတယ်"ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။

၎င်းက"အခုဒီလိုပဲ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ဘာတို့က ရာခိုင်နှုန်း ၇၊ ၈ အီးယူက ကောက်ပြီးဆိုရင် အဲဒီပေါ်မှာကျွန်တော်တို့က သူတို့နဲ့ CMP ပေါ့၊ CMP စနစ်နဲ့လုပ်ရင် သူတို့ဆီက ကုန်ကြမ်းသွင်းလာမယ်။ ဒီမှာကုန်ချောထုတ်မယ်။ နောက်ဆုံးပေါ့ ပုစွန်အကောင်လိုက် ကုန်ကြမ်းသွင်းလာလို့ ခေါင်းဖြတ်၊ အခွံလေးခွာတာနဲ့ ကျွန်တော်တို့လုပ်အားခရမယ်။ အကျိုးအမြတ်တစ်ခုရမယ်။ ဒီလိုဖြစ်လာရင် CMP လုပ်ငန်းတွေလည်း တိုးတက်လာနိုင်ပါတယ်"ဟု ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို အီးယူနိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ခုနစ်ရာခိုင်နှုန်း ကောက်မည်ဖြစ်သဖြင့် အီးယူနိုင်ငံများနှင့် အပြင်းအထန် ဆွေးနွေးနေပြီး ကောက်ခံပါက မြန်မာနိုင်ငံ ထွက်ကုန်များအနေဖြင့်လည်း ထိုင်းကုန်ဈေးနှုန်းကို ယှဉ်နိုင်မည်ဖြစ်၍ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း CMP လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရလာမည်ဖြစ်သည်။

Related Posts Plugin for WordPress, Blogger...