Thursday, August 29, 2013

ကြိမ်ဖူးဟင်းချို


----------
ရေးသားသူ- စိုးဇေယျာထွန်း

ငွေဆောင်ကမ်းခြေတွင် ဖြစ်သည်။

အချိန်က နေ့လယ် ၂ နာရီထိုးခါနီးပြီ။ နေက အတော်ပင်ပူပါသည်။ ကမ်းခြေတစ်လျှောက်မှာ ငါးပိုက်ဆွဲနေသည့် တံငါသည်များကို ကျွန်တော်နေပူပူထဲတွင် ဓာတ်ပုံလိုက်ရိုက်နေသည်။ ကမ်းခြေတွင် ပိုက်ဆွဲနေသူများကတော့ ဘယ်လိုရှိသည်မသိ။ သောင်ပြင်ပေါ်တွင် ငါးများ သူတို့နေပူလှန်းနေသည်ကို ဓာတ်ပုံရိုက်နေရင်း နေပူလှန်းသူများထဲတွင် ၀င်ကူနေသည့် ကလေးတစ်ယောက်၏ခြေထောက်ကို သတိထားမိလိုက်သည်။

ကလေးမလေးက အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်သာရှိပြီး ခြေထောက်တွင် အမာရွတ်များမှာ အစင်းလိုက်အစင်းလိုက် ဖြစ်နေသည်။ ကျွန်တော်က ဘာဖြစ်တာလဲဟုမေးတော့ သူ့အဖေက ရခိုင်သံလား၊ ထားဝယ်သံလားတော့ မပြောတတ်။ ထိုကဲ့သို့ အသံဝဲ၀ဲဖြင့် နပေါက်မပါလို့လေ။ ပြောစကား၊ ဆိုစကား နားမထောင်မလို့ ရိုက်တာ။ နားမှာ အပေါက်မပါတဲ့ ကလေးတွေက အဲဒီလိုရိုက်ပေးမှရတယ်ဟု ကျွန်တော့်ကို ပြန်ပြောသည်။

အဲဒီလူကြီး စကားဆုံးသွားတော့ ကလေးလေးရဲ့ခြေထောက်ကိုကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်မိသည်။ အဲဒီလောက်ငယ်တဲ့ ကလေးလေးတစ်ယောက်ကို အမာရွတ်တွေထင်သွားအောင် ရိုက်သင့်ရဲလား။ ကျွန်တော် ငယ်ငယ် ကျောင်းကပြန်လာပြီး ပုဆိုးလဲတော့ ကျွန်တော့်အစ်မက လှမ်းမေးသည်။ နင့်ခြေထောက်က အရာကြီးတွေက ဘာဖြစ်တာလဲတဲ့။ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ အစ်မကထပ်မေးသည် နင် အရိုက်ခံထားရတာ မဟုတ်လားတဲ့။ မဟုတ်ပါဘူး စက်ဘီးလဲထားလို့ဟုလိမ်ပြီး ကျွန်တော်အိမ်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ အိမ်ပေါ်ရောက်တော့မှ ကျွန်တော့်ခြေသလုံးကို သေချာပြန်ကြည့်လိုက်သည်။ ခြေသလုံးမှာ အရှိုးလိုက်အရှိုးလိုက် အညိုအမည်းစွဲနေသည်။ အဲဒီတုန်းက ကျွန်တော်ငါးတန်းနှစ် ကျွန်တော်တို့ကျောင်းမှာ ကြိုသက်ဆိုသည့် ဘာသာရပ်တစ်ခုကို အလယ်တန်းကျောင်းသားဘ၀က သင်ရသည်။

မြန်မာနိုင်ငံလုံးတွင် ကြိုသက်ဘာသာသင်ရသည့်ကျောင်းမှာ ကျောင်းငါးဆယ်ခန့်သာရှိသည်ဟု ဆိုသည်။ ကြိုသက်ဘာသာသည် ယောက်ျားလေးများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံများကို သင်ကြားရသည်ဖြစ်ပြီး မိန်းကလေးများက အိမ်တွင်းမှုအခြေခံကိုသင်ရသည်။ မိန်းကလေးများ သင်ရသည့်ဘာသာနှင့် ယောက်ျားလေးများသင်ရသည့် ဘာသာကမတူပေ။ ထို့ကြောင့် ကြိုသက်ချိန်ရောက်ပြီဆိုလျှင် အခန်းနှစ်ခန်းပေါင်းကာ ယောက်ျားလေးသတ်သတ်၊ မိန်းကလေးသတ်သတ်ပေါင်းပြီး သီးခြားစီသင်ရသည်။ ကျွန်တော်က ဘီခန်းကဖြစ်သည်။ ကြိုသက်ချိန်ရောက်ပြီဆိုလျှင် ဘီခန်းက မိန်းကလေးများက စီခန်းသို့သွား၍ စီခန်းမှ ယောက်ျားလေးများက ကျွန်တော်တို့ဘီခန်းကိုလာပြီး စာသင်ရသည်။ ကျွန်တော်တို့ကျောင်းမှာ ထုံးစံက အတန်းတိုင်း ဘုရားညောင်ရေအိုးနှင့် ဆရာ၊ ဆရာမထိုင်သည့် စားပွဲပေါ်တွင် ဖန်ပန်းအိုးလေးတစ်လုံးရှိသည်။ ၀ါ၊ စိမ်း၊ နီ၊ ပြာ အသင်းခွဲထားပြီး ယောက်ျားလေးများက အသင်းကျသည့်နေ့တွင် သောက်ရေသွားခပ်ရသည်။ မိန်းကလေးများက အသင်းကျသည့်နေ့တွင် အခန်းကို တံမြက်စည်းလှည်းရသည်။ ပိုက်ဆံစုကာ ဘုရားပန်းအိုးနှင့် ဆရာ၊ ဆရာမ စားပွဲပေါ်က ပန်းအိုးလေးကို ပန်းထိုးပေးရသည်။

တစ်ရက်... ကြိုသက်ချိန်ရောက်တော့ မိန်းကလေးတွေက စီခန်းသို့ပြောင်းသွားပြီး စီခန်းကယောက်ျားလေးတွေက ဘီခန်းသို့ ရောက်လာကြသည်။ ကြိုသက်ချိန်ရဲ့ ထုံးစံအတိုင်း စာသင်မည့်ဆရာက ရောက်မလာသေးပေ။ ထိုအချိန်မှာ စီခန်းက စာလာသင်သည့် ကျောင်းသားများထဲမှ ဆရာ၊ ဆရာမ စားပွဲနှင့် နီးသူများက စားပွဲပေါ်ရှိ ပန်းအိုးထဲက နှင်းဆီပန်းလေးများကို လက်ဖြင့်လှမ်းပြီး ပွင့်ဖတ်လေးတွေကို ခြွေကြသည်။ စီခန်းကယောက်ျားလေးတွေက ပန်းအိုးထဲက နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အဲဒီလိုလှမ်းလှမ်းပြီး ခြွေချနေတာကို ကျွန်တော်တို့ ဘီခန်းက မိန်းကလေးတွေက ဘယ်လိုသိသွားမှန်းမသိ မိန်းကလေးနှစ်ယောက်ရောက်လာပြီး ပန်းတွေကို လာယူသွားသည်။ အဲဒီလိုပန်းတွေကို ယူသွားချိန်မှာ ကျောင်းသားတွေက မယူရန်တားရင်းက ၀ိုင်းလုကြသည်။ အတန်းကြီးလာမှသာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေက မျက်ထောင့်လေးတွေ ပေစောင်းပေစောင်းကြည့်ပြီး သူငယ်ချင်းအရမ်းခင်တယ်လို့ ဖြစ်သွားကြပေမယ့် ငါးတန်းခြောက်တန်းအရွယ်မှာတော့ ယောက်ျားလေးနဲ့ မိန်းကလေးသည် ရန်သူဖြစ်သည်။ အဲဒီတုန်းက ကျွန်တော်တို့ကလည်း ယောက်ျားလေးပီပီ ဘာလို့ဒီလိုလာယူရမှာလဲဆိုပြီး ကျွန်တော်လည်း ယောကျာ်းလေးတွေဘက်က၀င်ပြီး ပန်းတွေကိုကူလုသည်။

အဲဒီလိုလုရင်းက မိန်းကလေးနှစ်ယောက်က ပန်းတွေကို လွှင့်ပစ်ထားခဲ့ပြီး ထွက်သွားသည်။ နောက်တော့ ကောင်မလေးတစ်ယောက်က ကြိုသက်ဆရာကို ငိုပြီးသွားတိုင်သည်။ ကျွန်တော်က သူ့ကျောကုန်းကို လက်သီးနဲ့ထိုးပါတယ်တဲ့။ အဲဒီတော့မှ ကြိုသက်ဆရာက ရောက်လာပြီး ကျွန်တော့်ကို အတန်းရှေ့ထွက်ရပ်ခိုင်းသည်။ အဖြစ်မှန်ကိုလည်းမမေး ဘယ်လိုဖြစ်ကြသည်လည်း မစုံစမ်း။ မင်း သူ့ကိုထိုးလားတဲ့ ကျွန်တော့်ကို လာမေးသည်။ ကျွန်တော်မှ မထိုးတာ ကျွန်တော်က မထိုးဘူးဆိုတော့ လက်ထဲက ကြိမ်လုံးကို စားပွဲပေါ်ကို နှစ်ချက်သုံးချက်လောက် ရိုက်လိုက်သည်။ အဲဒီလိုရိုက်လိုက်တော့ ကျွက်စီကျွက်စီပြောနေတဲ့စကားတွေ တိတ်သွားသည်။ အဲဒီလိုတိတ်သွားတော့မှ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားကို ကြိမ်လုံးကြီးပြပြီး မေးသည်။ ဒီကောင်မလေးကျောကုန်းကို သူက လက်သီးနဲ့သွားထိုးတယ်ဆို ဟုတ်လားဆိုတော့ အဲဒီကောင်လေးက ဟုတ်ပါတယ်ဟု ဖြေသည်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည် နောက်တစ်ယောက်ကလည်း ဟုတ်ပါတယ်လို့ပဲဖြေသည်။ သူတို့ပြောတာ ဟုတ်တယ်တဲ့ မင်းဝန်ခံမှာလား ကြိမ်လုံးကြီးကိုပြပြီး ကျွန်တော့်ကိုမေးသည်။ မင်းဝန်မခံဘူးဆိုရင် ကျောင်းထွက်ရမယ်။ ကျောင်းထွက်ပြီးရင်တော့ ဘူတာရုံမှာ ကူလီသာထမ်းနေပေတော့ဟု ပြောသည်။ မင်းဝန်မခံဘဲ ကျောင်းထွက်မှာလား၊ ၀န်ခံပြီး အရိုက်ခံမှာလားတဲ့။

ကျွန်တော် ကျောင်းထွက်ရမှာတော့ ကြောက်ပါသည်။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က တွေးလိုက်မိသည်က ၀န်ခံလိုက်ရင် ရိုက်ခံရမည်၊ ၀န်မခံရင် ကျောင်းထွက်ရမည်။ ကျောင်းတော့မထွက်နိုင်။ အရိုက်ပဲခံတော့မည်ဟု ဆုံးဖြတ်ကာ ကျွန်တော် တကယ်မထိုးခဲ့ပေမယ့်လည်း ထိုးပါသည်ဟု ပြောလိုက်တော့သည်။ ၀န်ခံလိုက်ပြီဆိုတော့ စတိတ်စင်ပေါ်တက်ခိုင်းပြီး ပုဆိုးကိုဒူးခေါင်းထိ လှန်ခိုင်းသည်။ ပြီးတော့ လက်ညှိုးလောက်ရှိသော ကြိမ်လုံးဖြင့် ခြေသလုံးကို ငါးချက်လွှဲရိုက်သည်။ ဆယ်နှစ်သားအရွယ်မှာ လူကြီးအားဖြင့် လွှဲရိုက်ခံရသော ငါးချက်သည် တော်တော်နာသည်။ ကျွန်တော်ငိုချင်သည် ဒါပေမဲ့ မငိုမိအောင် မျက်ရည်ကိုထိန်းထားလိုက်သည်။ စာသင်ခန်းထဲမှာ ဒီတိုင်းကြိတ်ထိုင်နေပြီး အိမ်ပြန်ခဲ့လိုက်သည်။ အရိုက်ခံရချင်းနေ့က ခြေသလုံးမှာ အစင်းစင်းတွေ အပိန့်လိုက်အပိန့်လိုက်ဖြစ်နေပြီး အရေခွံများပွန်းကာ တချို့နေရာမှာ သွေးနည်းနည်းစို့နေသည်။

နောက်နေ့ရောက်တော့ အစင်းတွေပျောက်သွားပေမယ့် အညိုအမည်းစွဲပြီး ကျန်ရစ်ခဲ့သည်။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးမှာ အခုအထိ အရိုးစွဲနေကြတာက အိုးကောင်းတစ်လုံးဖြစ်လာအောင် နာနာရိုက်ရမယ်။ ကျွန်တော့်ငယ်ဘ၀က တွေ့ကြုံခဲ့တဲ့ဖြစ်ရပ်ဖြစ်သည်။

ကျောင်းတွေ၊ ကျောင်းတွေမှာ မိဘတွေ၊ မိဘတွေမှာ ကျွန်တော်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်ထက် ဆိုးအောင်ရိုက်တာတွေ ဘယ်လောက်တောင်ရှိနေမလဲ။ အတိအကျမသိပေမယ့် အရွယ်နှင့်မမျှအောင် ရိုက်ခံနေကြရတာတွေကတော့ သေချာပေါက်ရှိမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် တချို့မိဘများက အရိုက်ကြမ်းသည်ဆိုသော ကျူရှင်များမှာပင် ရွှေ့ထားသည်ကို တွေ့ဖူးပါသည်။ ကျွန်တော်တို့လည်း ထိုကျူရှင်တွင်ပင် တက်ရပါသည်။ ဒီနေ့ မီးနင်းတွေအလွတ်ကျက်ခဲ့။ နောက်နေ့စာမေးလို့ တစ်လုံးမရလျှင် သစ်သားပေတံဖြင့် တစ်ချက်ရိုက်သည်။ တစ်ခါတစ်ရံတွင် ရိုက်ရင်းဖြင့် ထင်းရှူးသစ်သားပေတံကွဲသွားသည်ကိုပင် ကြုံခဲ့ဖူးသည်။ ဒါပေမဲ့ စာညံ့တဲ့ကလေးကတော့ အရိုက်ခံရလွန်းလို့ ကျူရှင်ပြေးချင်စိတ်သာ ဖြစ်လာသည်။ စာကတော့ တော်မလာပါ။ ငယ်ရွယ်စဉ်ကာလမှာ အထိုက်အလျောက် ရိုက်သင့်သည်ဆိုတာကို လက်ခံကောင်းလက်ခံလို့ရနိုင်ပေမယ့် အရွယ်နှင့်မမျှအောင် အလွန်အကျွံရိုက်နှက်ခြင်းကတော့ လုံးဝမဖြစ်သင့်ပါ။ အဲဒီလို အရွယ်နဲ့မမျှအောင် ရိုက်လိုက်တော့ရော အဲဒီကလေးက နားလည်သွားလား။ အဲဒီကလေးက တကယ်လိမ္မာသွားလား။ အဲဒီလိုစဉ်းစားနေရင်း ကြည်ဖြူသျှင် အမေရိကားမှာ ဆုရသည့် ၀သုန်ရဲ့ကောက်ကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ထဲမှာ ပန်းချီဝသုန်ပြောသွားတာ သွားသတိရလိုက်သည်။ ကျွန်တော့်ကလေးတွေကို တစ်ခါမှမရိုက်ဖူးဘူး မယုံရင်မေးကြည့်ပါလား။ ကျွန်တော်ငယ်ငယ်က အရိုက်ခံရတယ်။ အဲဒီလိုအရိုက်ခံရရင် ကျွန်တော်အရမ်းစိတ်ဆိုးတယ်။ပြီးတော့ ကလေးဆိုတာ ရိုက်တိုင်းလည်း လိမ္မာတာမှမဟုတ်တာတဲ့။ တစ်ချိန်ကျရင် ကျွန်တော့်မှာရော မိတ်ဆွေတို့မှာပါ ကလေးတွေရှိလာပေလိမ့်မည်။ တချို့ဆိုလျှင် အခုကတည်းက ရှိနှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ အဲဒီအချိန်ကျရင် ကလေးတွေကို ကြိမ်ဖူးဟင်းချိုလို့ တင်စားခေါ်တဲ့ ကြိမ်လုံးကြီးနဲ့ ကိုယ်လိုရာပုံကို ရိုက်သွင်းတဲ့ brainwash နည်းလမ်းကို ဆက်လက်သုံးသွားကြဦးမှာလား။

ဓာတ်ပုံ- စိုးဇေယျာထွန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...