Saturday, September 7, 2013

ကရင်ပြည်နယ်နှင့် ရန်ကုန်မြို့ကို ဆက်သွယ်သည့်လမ်း အဆင့်မြှင့်တင်ရန် ADB နှင့် ဂျပန်နိုင်ငံက ကူညီမည်




စက်တင်ဘာလ ၇ ရက် ၂၀၁၃

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၇၀ ရှည်လျားသော လမ်းပိုင်းအား အဆင့်မြှင့်တင်ရန် အတွက် ပုံစံရေးဆွဲခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရအား အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ ဂျပန်နိုင်ငံ ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ၏ ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းအား အကူညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ အာရှဖွံ့ဖြိုးရေးဘဏ် ရုံးခွဲမှရရှိသော သတင်းများအရ သိရသည်။

အဆိုပါ နည်းပညာ အထောက်အပံ့သည် ကရင်ပြည်နယ် ကော့ကရိတ်နှင့် အိန္ဒုတို့အား ဆက်သွယ်ထားသည့်လမ်း အဆင့်မြှင့်တင်ရေးအတွက် ချေးငွေပေးရန် ADB မှ သုံးသပ်မှုများ လုပ်ဆောင်နေခြင်းအား အုတ်မြစ်ချ ထောက်ပံ့ခြင်းများ ဖြစ်ကြောင်း၊ အဆိုပါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည် ကရင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အဆိုပါ လမ်းကြောင်းသည် မဟာမဲခေါင် ဒေသခွဲစီမံကိန်း၊ အရှေ့အနောက် စီးပွားရေးစင်္ကြံ၊ East West Economic Corridor ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်းလမ်းဆက်သွယ်ရေး အတွက် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း နည်းပညာ အထောက်အပံ့ပေးရာတွင် တည်ဆဲလမ်းများ၊ တံတားများ၊ ရေလမ်းကြောင်းများ၏ မြေမျက်နှာသွင်ပြင်ကို တိုင်းတာခြင်းနှင့် အင်ဂျင်နီယာ လုပ်ငန်းများဖြစ်သည့် လမ်းများပြန်လည် မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကြေးသည် ပုံစံရေးဆွဲခြင်း၊ ဘတ်ဂျက်ချမှတ်ခြင်း၊ ၀ယ်ယူခြင်း လုပ်ငန်းများအတွက် စီမံကိန်း အသင့်ပြင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ဆောင်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့၏ ၀န်ထမ်းများအား သင်တန်းပေးရာတွင်လည်း အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...