Saturday, September 7, 2013

ခေတ်ရေစီးကြောင်းနှင့် လူ့ယဉ်ကျေးမှု


ရေစီးကြောင်းမှာလိုက်ပါမသွားဘဲ မရပ်တန့်လိုက်ပါနဲ့။ ကျွန်တော်တို့တွေကျန်ခဲ့လိမ့်မယ်။ ရေစီးကြောင်းနဲ့ အတူ ပါသွားမယ်ဆိုရင်လည်း သတိထားပြီး ကံဉာဏ်၊ ဝီရိယလေးနဲ့ယှဉ်ပြီးလုပ်ဆောင်လျှင် ကမ်းကိုရောက်ပေလိမ့်မယ်။ သို့မဟုတ်လျှင် ဆင်သေကောင်နောက်သို့လိုက်တဲ့ကျီးမိုက်လို ဖြစ်နေပေ လိမ့်မယ်။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ပါစီးမျောရာမှာ ပဲ့ကိုင်ရှင်နှင့် အလားတူသောပညာမပါလျှင် လိုရာ ပန်းတိုင်မရောက်ဘဲ အန္တရာယ်ကျောက်ဆောင်နှင့် တွေ့ကာ ကြေမွပျက်စီးမည်သာ ဖြစ်ပါသည်။ 

          ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်းနေသွားရင် သင်ကျန်ခဲ့လိမ့်မယ်။ နဂိုအတိုင်းနေလို့တော့မဖြစ်ဘူး။ ငယ်ငယ်တုန်းကတည်းက သိရှိလာတဲ့ သဘောထားတွေ၊ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေအတိုင်း နေသွားလို့မဖြစ်ဘူး။ အမြဲတမ်းလိုအပ်တာလေးတွေကို၊ ပြင်သင့်တာလေးတွေကို ကြည့်ကြည့်ပြီး ပြင်သွား နေရမှာပဲ။ အဲဒီလိုကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်သွားတာကိုပဲ Transcending လို့ခေါ်လို့ရတယ်။ အရင်အတိုင်းမဟုတ်ဘူး။ ကိုယ့်ကိုပြန်ပြီးတော့ ကျော်သွားနေတယ်။ အပြေးပြိုင်ပွဲမှာ နောက်တစ်ယောက်ကို ကိုယ်ကကျော်တက်သလိုပဲ၊ ကိုယ့်ကိုယ်ကိုလည်း ပြန်ကျော်တက်သွားဖို့ရှိတယ်။ 

         ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက် ပိုပြီး ထွက်ပေါ်လာအောင် ဖော်ထုတ်နေတာ ကိုယ့်ဘ၀မှာ ဖြစ်နိုင်သမျှ ကောင်းတာတွေဖြစ်လာအောင်၊ ပြည့်စုံလာအောင်လုပ်တာ ကိုယ့်မှာရှိတဲ့ တစ်ဆင့်မြှင့် တဲ့စိတ်ထားတွေ၊ အရည်အချင်းတွေ ထွက်လာအောင်လုပ်တာဟာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်တာပါ။ အရင်တုန်းကထက် စိတ်ထားတွေ၊ သဘောထားတွေ၊ အသိဉာဏ်တွေ သာတဲ့လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေတာပဲ။ ဒါကိုယ့်ရဲ့ လိုအပ်ချက်ပဲ။ စားဝတ်နေရေးအတွက်လည်း ကြိုးစားနေရတယ်။ တစ်ချိန်တည်းမှာပဲ ပိုပြီးတော့ကောင်းတဲ့ လူသားတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေရတယ်။ အကယ်၍စားဝတ်နေရေးအတွက်ပဲ လုပ်ပြီးတော့ အရင်အတိုင်းပဲ စိတ်နေသဘောထား၊ အသိဉာဏ် ဘာမှ အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ နေသွားမယ်ဆိုရင် အသက်ရှင်နေတယ်ဆိုတာ အသက် မသေတာကို ပြောတာပဲလို့ အဓိပ္ပာယ်ပေါက်နေပြီ။ မသေတာကိုပဲ အသက်ရှင်နေတာလို့ ပြောမယ်ဆိုလျှင် သစ်ပင်တစ်ပင်နှင့် ဘာမှထူးခြားမှာ မဟုတ်တော့ ဘူး။ 

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုထွန်းကားနေဆဲဖြစ်သော နိုင်ငံတစ်ခုပါပဲ။ ယဉ်ကျေးမှု ဆိုတာမှာ လူတစ်ယောက်ချင်းစီ၏ အနေအထိုင်၊ ယဉ်ကျေးမှု၊ အပြောအဆို၊ ယဉ်ကျေးမှုနှင့် ဆင်ယင် ထုံးဖွဲ့မှုနှင့် ဆိုင်သော ယဉ်ကျေးမှုတို့သည် လိုအပ်လှပေတယ်။ ခေတ်သည် တဖြည်းဖြည်း တိုးတက်       လာသည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှုသည်လည်း တဖြည်းဖြည်းပြောင်းလဲလာတယ်။ ယဉ်ကျေးမှုမည်မျှပင် ပြောင်းလဲလာသည်ဖြစ်စေ သူ့နေရာနှင့် သူ ၀တ်တတ်ဖို့တော့ လိုပေလိမ့်မယ်။ ပွဲလမ်းသဘင်သွားရာတွင် ဘယ်လိုဝတ်ဆင်ထားသည်ဖြစ်စေ ဘုရားဖူးသွားရင်တော့ မြန်မာလူမျိုးဖြစ်သည့်အတွက် မြန်မာလိုဝတ်ဆင် ထားမှသာ သင့်လျှော်ပေလိမ့်မယ်။ ခေတ်မီတာနှင့် ခေတ်ဆန်တာ ကွဲပြားဖို့တော့လိုလိမ့်မယ်။ လူ့ ယဉ်ကျေးမှုတစ်ခုတွင် အချင်းချင်းရိုင်းပင်းကူညီပါဆိုတဲ့ စကားပင်သိပ်မပြောကြတော့ပေ။ ကူညီရာမှာ တချို့ က စေတနာနှင့် ကူညီကြသလို တချို့ကြတော့ ကိုယ့်အတွက်အကျိုးရှိမှသာ ကူညီကြတယ်။
         
 တစ်ခါက ကျွန်ုပ်မိတ်ဆွေတစ်ယောက် လမ်းမှာဖုန်းကြခဲ့လို့ ပြန်လည်လိုက်ရှာရာ ဖုန်းရရှိထားသူက ကျပ်တစ်သောင်းခွဲ  ရမှ ပြန်ပေးမည်ဟု ပြောပါတယ်။ အချင်းချင်းရိုင်းပင်းကူညီပါဆိုတဲ့စကားပင် ဘယ်ရောက်သွားမှန်းမသိ။ ကောင်းသောအမူအရာ၊ အပြောအဆိုနှင့် အလုပ်အကိုင်များကိုမြင်လျှင် လိုက်ပါလုပ်ဆောင်မည်ဆိုပါက မည်မျှကောင်းလိမ့်မည်နည်း။ ကိုယ့်ကိုဖျက်ဆီးတာ ကိုယ့်မှာရှိတဲ့မကောင်းတဲ့စိတ်ပါပဲ။ မြန်မာတွေက ရိုင်းပင်းကူညီကြတယ်ဆိုတဲ့စကားပင် ပြောရမှာ ကျောမလုံတော့ပေ။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ဆက်ပြီး မစဉ်းစားတတ်ကြဘူး။ ဘာမှမစွမ်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ခြေရာလက်ရာတစ်ခုခုတော့ နောင်လာ နောက်သား သတိရလောက်အောင် ချန်ထားရစ်ခဲ့ရမယ်။ ဒါပေမယ့် ကောင်းတာလေးတော့ ဖြစ်ပါစေပေါ့။

ကိုမိုး(TGI)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...