Saturday, September 7, 2013

သြစီမှာ မဲတွေ စတင်ရေတွက်နေ




စက်တင်ဘာလ ၇ ရက် ၂၀၁၃

သြစတြေးလျနိုင်ငံမှာ ဒီကနေ့ အထွေထွေ ရွေးကောက်ပွဲကျင်းပကြပြီး သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တွေမှာတော့ မဲရုံတွေပိတ်ပြီး မဲရေတွက်မှု စတင်နေပြီ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ မဲမပေး မနေရ စနစ်ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၃၀ ထဲက တစ်နိုင်ငံဖြစ်တဲ့အတွက် အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း မဲပေးခဲ့ကြပါတယ်။

မဲပေးမှုကနေ ကင်းလွတ်သူတချို့သာရှိပြီး အဲဒီ ပုဂ္ဂိုလ်တွေထဲမှာ ဗြိတိန်နိုင်ငံ ဘုရင်မနဲ့ ဘုရင်မရဲ့ သြစတြေးလျကိုယ်စားလှယ် ဘုရင်ခံချုပ် ပါဝင်ပါတယ်။ တော်ဝင်တွေ နိုင်ငံရေးမှာ ဘက်မလိုက် နေရမှာဖြစ်တဲ့အတွက် မဲမပေးကြတာ ဖြစ်ပါတယ်။

မဲပေးခွင့်မရှိသူ တချို့တွေကတော့ ရာဇာဝတ် ကျူးလွန်သူတွေနဲ့ မဲပေးမှုကို နားမလည်သူတွေ ဖြစ်ပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲမှာတော့ ဘာသာစကား တစ်မျိုးထက်မက တတ်ကျွမ်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်အမှုထမ်းတွေကို ပထမဆုံးအကြိမ် ခန့်အပ်ထားပြီး စကားပြန်တာတွေ လုပ်ပေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ကယ်ဗင်ရဒ် ဦးဆောင်တဲ့ လေဘာပါတီနဲ့ တိုနီအာဘော့တ် ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းပါတီတို့ အဓိက ယှဉ်ပြိုင်ကြတဲ့နေ့ ဖြစ်ပါတယ်။

ပြိုင်ဖက်ခေါင်းဆောင်နှစ်ဦး သွားရောက်မဲပေးခဲ့တုန်းကလည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် တိုနီအာဘော့တ်က ဆစ်ဒနီမြို့မှာ မဲပေးခဲ့ပြီး အဲဒီနေရာမှာပဲ သူ့ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေက သူ့ကို လူမျိုးရေးခွဲခြားသူလို့ စွပ်စွဲဆန့်ကျင်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကတော့ ကွင်းစလန်းပြည်နယ် ဘရစ်စဘိန်းမြို့ရှိ သူ့ရဲ့ မဲဆန္ဒနယ်မြေမှာ မဲပေးခဲ့ပြီး ဓာတ်ပုံဆရာတွေ၊ ဆန္ဒပြသူတွေ၊ သတင်းသမားတွေရဲ့ ဝိုင်းဝန်းမေးမြန်းမှုတွေ ကြုံခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းပြည်နယ်မှာ မဲရေတွက်မှုတွေ စတင်နေပြီး အနောက်သြစတြေးလျ ပြည်နယ်မှာတော့ မဲတွေ ဆက်ပေးနေကြဆဲ ဖြစ်ပါတယ်။

ကြိုတင်မဲကောက်တမ်းတွေနဲ့ မဲပေးပြီးသားလူတွေကို မေးမြန်းချက်အရ အတိုက်အခံပါတီက အသာရကြောင်း ပြသနေပြီး ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ်ခဲ့မယ်ဆိုရင် အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်က ၂၈ ယောက်မြောက် သြစတြေးလျနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ABC

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...