Saturday, September 7, 2013

ဗီဇာ သက်တမ်းကုန် မြန်မာများ ထိုင်းတွင် ဆက်လုပ်ခွင့်ရရေး နေ့ချင်းပြီး လုပ်ပေးမည်




နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ် ကုန်ဆုံးသည့် မြန်မာ လုပ်သားများ အလုပ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် ဗီဇာသက်တမ်း တိုးခြင်း၊ အလုပ်လုပ်ခွင့် ပါမစ်များကို နယ်စပ်တွင် နေ့ချင်းပြီး ဆောင်ရွက်ရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရကြား ရရှိခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ဗီဇာသက်တမ်း ကုန်ဆုံးသူ များသည် မူရင်းနိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခွင့် ရရှိသည့် ထိုင်းမူဝါဒကြောင့် မြန်မာ လုပ်သားများ အခက်တွေ့နေသဖြင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် အဖွဲ့နှင့် ထိုင်း အစိုးရတို့ စက်တင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံတွင် တွေ့ဆုံညှိနှိုင်းစဉ် ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

သုံးနှစ်ပြန် ရမည့် မူဝါဒကို ရက်အကန့်အသတ် မရှိ ဖြေလျှော့လိုက်ပြီး ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်များကို ကော့သောင်းမြို့ တစ်ဖက်ကမ်း ရနောင်း၊ မြဝတီ တစ်ဖက်ကမ်း မဲဆောက်၊ တာချီလိတ် တစ်ဖက်ကမ်း မယ်ဆိုင်၊ ထီးခီး-ဖူနမ်ရွမ်တို့တွင် ထုတ်ပေးမည် ဖြစ်သည်။ မြန်မာ လုပ်သားများ၏ ယာယီနိုင်ငံကူး လက်မှတ်များသည် သက်တမ်းခြောက်နှစ်ဖြစ်ပြီး ဗီဇာသက်တမ်း လေးနှစ်ထပ်တိုးရန် အခက်အခဲ ဖြစ်နေသဖြင့် နိုင်ငံကူး လက်မှတ်ကို ဗီဇာသက်တမ်းနှင့် အညီဖြစ်အောင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဦးအောင်ကျော်က ဆိုသည်။ နှစ်နိုင်ငံ သဘောတူညီထားသည့် အချက် အလက်များနှင့် ဗီဇာသက်တမ်း တိုးရေး လုပ်ငန်းစဉ်များတွင် လုပ်သားများ အခက်အခဲ ဖြစ်စေမည့် အချက်များ ပါဝင်ပါက ပြင်ဆင်ပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြားသည်။

ထိုင်းနှင့် မြန်မာ အစိုးရတို့ သဘောတူညီချက် အရ ဗီဇာသက်တမ်း တိုးလိုသူများသည် မြန်မာနိုင်ငံသို့ အဝင်ပြရမည် ဖြစ်သည်။ ဗီဇာကုန်၍ နေရပ်ပြန်ပြီး ထိုင်းနိုင်ငံသို့ ပြန်ဝင်သော မြန်မာလုပ်သားများ သည် အလုပ်ရှင်နှင့် သဘော တူထားသော လုပ်ခ၊ အလုပ်ချိန်၊ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ များကို စာချုပ်စာတမ်းနှင့် သေချာစွာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် Mr Pravit Khiengpol က ထိုင်းနိုင်ငံ အခြေစိုက် လုပ်သားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ကတိပေး ပြောဆို ထားသည်။

တရားမဝင် မြန်မာလုပ်သား များကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။ ယင်းအစီအစဉ်အရ ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားရရှိသူ မြန်မာလုပ်သား ၁ ဒသမ ၇ သန်းကျော် ရှိသည်။



BY THE VOICE JOURNAL

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...