Saturday, September 7, 2013

အီရတ်ရှိ အမေရိကန် အကျိုးစီးပွား များကို တိုက်ခိုက်ရန် အီရန်အမိန့်ပေး



ဆီးရီးယား နိုင်ငံကို အမေရိကန် ပြည်ထောင်စု စစ်ရေးအရ တိုက်ခိုက်ပါက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် အကျိုးစီးပွား များကို တိုက်ခိုက်ရန် အီရတ်စစ်သွေးကြွ များကို အီရန်နိုင်ငံက အမိန့်ပေး ထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ သတင်းပေးပို့ ချက်ကို ကြားဖြတ်နား ထောင်ရာ မှတစ်ဆင့် အမေရိကန် အကျိုးစီးပွား များကို တိုက်ခိုက်သည့် သတင်း ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မည်သည့်ပစ်မှတ် များကို တိုက်ခိုက်ရန် စီစဉ် ထားကြောင်း အမေရိကန်အရာရှိများက ထုတ်ပြန်ခြင်းမရှိပေ။ ဘဂ္ဂဒက် မြို့တော်ရှိ အမေရိကန် သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမည်မဖော် လိုသူ အမေရိကန် အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့အပြင် အီရတ်ခရီးစဉ် များကို မသွားမဖြစ်မှသာ သွားရောက်ကြရန် အမေရိကန်နိုင်ငံ သားများကို နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတိပေး ထားသည်။ အီရတ်နိုင်ငံ တွင်းရှိ ရှီးယိုက်စစ်သွေးကြွ အုပ်စုများ ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတင်းပေးပို့ သည်ကို အမေရိကန်က ကြားဖြတ်ရယူ ခဲ့ခြင်း ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြ ထားသည်။

အဆိုပါ သတင်းပေးပို့ ချက်တွင် ဆီးရီးယားနိုင်ငံကို အမေရိကန် ဝင်ရောက်တိုက်ခိုက်ပါက လက်တုံ့ပြန်နိုင်ရန် အသင့်ပြင် ထားရန် ရှီးယား စစ်သွေးကြွ အုပ်စုများကို အီရန်နိုင်ငံက အမိန့်ပေးခဲ့သည်။ အီရတ်နိုင်ငံအတွင်း အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုနှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွ များအပြင် လက်နက်ကိုင် အဖွဲ့ အမျိုးမျိုး တက်တက်ကြွကြွ လှုပ်ရှားနေပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း မတည်ငြိမ်ဆုံးကာလ ဖြစ်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံ၏ မဟာမိတ်ဆီးရီးယား နိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် အီရတ်နိုင်ငံ တွင်းရှိ အီရန်သြဇာခံ ရှီးယား စစ်သွေးကြွများကို အသင့်ပြင် ထားရန် အီရန်နိုင်ငံက အမိန့်ပေး လိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...