Friday, September 6, 2013

တရားမ၀င် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရန် ပြည်ပသင်္ဘောများ စစ်ဆေးမှုကို စက်တင်ဘာလမှ စ၍ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင်စည်းကြပ်မည်



မြန်မာနိုင်ငံ အတွင်းသို့ ပင်လယ်ရေ ကြောင်းမှ တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ် နိုင်ရန်အတွက် ကမ်းရိုးတန်း ပြည်တွင်း ရေယာဉ်များ သြဂုတ်လ ၁၂ ရက်မှ စတင် စစ်ဆေး သကဲ့သို့ ပြည်ပ သင်္ဘောများ စစ်ဆေးမှုကို စက်တင်ဘာလ ၁ ရက်မှ စ၍ မှောင်ခို တင်သွင်းသူ လုပ်ငန်းရှင် များအား စစ်ဆေး၍ တွေ့ရှိပါက ပို့ကုန် သွင်းကုန် ဥပဒေအရ စတင် အရေးယူ သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။


စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ နယ်စပ် မှ တရားဝင် ကုန်သွယ်မှု မြင့်တက် လာစေရန် မှောင်ခို ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မှစ၍ Mobile Team အဖွဲ့များဖြင့် စစ်ဆေး ဖမ်းဆီးခဲ့ရာ ယခုနှစ် ဇွန်လကုန် အထိ စာရင်းအရ ငွေကျပ် သန်း ၅၀၀၀ ကျော် ရှိသည်ဟု ယင်း ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


" ဒီနှစ် ဘဏ္ဍာရေးနှစ် ဧပြီလ ကနေ ဇူလိုင်လအထိ ပင်လယ် ရေကြောင်း ပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာ ၂၁၄၃ ဒသမ ၃၆ သန်း ရှိတယ် ၊ သွင်းကုန် က အမေရိကန် ဒေါ်လာ ၃၁၁၆ ဒသမ ၆၇ သန်း ရှိတယ် ၊ မနှစ်က ဆို ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ကျော်အထိ မြင့်တက်အောင် လုပ်နိုင်တယ် .... " ဟု ယင်းပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။


မြန်မာ့ ကုန်သွယ်မှု လိုငွေများ လည်းရှိပြီး ယင်း လိုငွေများသည် ပင်လယ် ရေကြောင်း ကုန်သွယ်မှု တစ်ခုအပြင် နယ်စပ် ကုန်သွယ် လမ်းကြောင်း မှ တစ်ဖက်နိုင်ငံ များသို့ ပို့ကုန် တင်ပို့မှုများ လည်း ပိုမို ပြုလုပ် လာကြောင်း ၊ တရားဝင် ကုန်သွယ်ရေး တန်ဖိုးအရ လိုငွေပြ နေသော်လည်း မြန်မာနိုင်ငံ မှ ထုန်ပြန်သော ကုန်သွယ်မှု ပမာဏ နှင့် တစ်ဖက် နိုင်ငံမှ ထုတ်ပြန် ထားသည့် ကုန်သွယ်မှု ပမာဏ ကွာခြားချက်များ ရှိခြင်းကြောင့် မှောင်ခို ကုန်သွယ် မှုများ ရှိနေသည်ဟု သိရသည်။



ကုန်သွယ်မှု ပမာဏ၏ ၈၀ ရာခိုင်နှုန်း သည် ပင်လယ် ရေကြောင်း ကုန်သွယ်မှု မှ ယခု ဘဏ္ဍာရေး နှစ် လေးလအတွင်း တရားဝင် ကုန်သွယ်မှု ပမာဏမှ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကျော်ရှိပြီး ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...