Friday, September 6, 2013

တာမွေသချိုင်း နေရာဟောင်း အဆင့်ဆင့် ပြောင်းလဲရာမှ ယခု ဟိုတယ်ဖွင့်






ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့ မြင်းပြိုင်ကွင်းလမ်း၊ အမှတ် (၅၁-ဘီ/၁) ရွှေသံလွင် ကုမ္ပဏီမှ Sky Star အဆင့်မြင့် ဟိုတယ်ကြီးအား ဆီးဂိမ်းပြိုင်ပွဲအမှီ စက်တင်ဘာလ (၃) ရက်နေ့ နံနက်(၉) နာရီက ဖွင့်လှစ် လိုက်သည်။

အခမ်းအနားသို့ လာရောက်သူ တစ်ဦးမှ ပြောကြားရာတွင် “ဒီဟိုတယ် ဆောက်နေတာ (၆) နှစ်လောက်ရှိပြီ ထင်တယ်။ အရင် ဒီနေရာက တာမွေ သချိုင်းလေ။ ကျွန်တော်က ဒီနားက တာမွေကြီး (ခ) ရပ်ကွက်သားပါ။ ကျွန်တော်တို့ အဘိုး၊ အဘွား၊ ဘကြီးတို့ကို ဒီနေရာမှာ ဂူသွင်းပြီး သင်္ဂြိုလ်ခဲ့ကြတာ။ သတိတရ ရှိနေခဲ့တာ ကတော့ ရှစ်လေးလုံး အရေးအခင်းအပြီး (၄) နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ ဂူတွေ ဖျက်ခိုင်းပြီး ရေဝေးသချိုင်း အသစ်နဲ့ ကြံတောသချိုင်း ကြိုက်တဲ့ နေရာကို ရွှေ့ခိုင်းတာ ကျွန်တော်တို့က ကြံတောကို ရွှေ့တာ။ ကြံတောမှ မြေနေရာ မရသေးလို့ အရိုးအိုးတွေကို အိမ်မှာ(၂) ရက်လောက် ထားခဲ့ရသေးတယ်။ အဲဒီတုန်းက တူ၊ တူမလေးတွေက ငယ်သေးတော့ ကြောက်နေကြတာ။ ၁၉၉၆ခုနှစ်မှာ ကြံတောသချိုင်း ထပ်ဖျက်တော့ ထိန်ပင်နဲ့ ရေဝေးကို ထပ်ပြောင်းရတယ်။ အဘိုးအဘွားတွေ သေတာတောင် ကောင်းကောင်း သေမသွားကြရဘူး။ ကျွန်တော်တို့နဲ့ နီးတဲ့ ရေဝေးကိုပဲ ထပ်ပြောင်းခဲ့တယ်။ ကိုယ့်စရိတ်နဲ့ကိုယ် ပြောင်းခဲ့ရတာ။ အဲဒီတုန်းက အမေက ပြောခဲ့သေးတယ် “အမိအဖတွေကို ဘယ်တော့မှ မမေ့နဲ့တဲ့ မိဘဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းတည်း မိဘတွေကိုမေ့ရင် ဘုရားကို မေ့တာနဲ့ အတူတူပဲတဲ့” ရေဝေးမှာတော့ အခုထိ မပြောင်းရ သေးဘူး။ နှစ်စဉ်တော့ သွားကန်တော့ နေကြပဲ။ မြို့ပြ အင်္ဂါရပ်နှင့် မညီတော့တဲ့ သုသာန်တွေကို ရွှေ့ပြောင်း ခိုင်းပြီး အစက ပြည်သူ့ အကျိုးပြု စီမံကိန်းကြီးတွေ ဖော်ဆောင်ခဲ့တာ ကောင်းပါတယ်။ အမျိုးသား စာကြည့်တိုက်တွေ တပ်မတော် ကုန်တိုက်ကြီးတွေလေ။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ ဦးပိုင်က ပါရမီ တက္ကစီကားတွေ ထားတဲ့ နေရာတွေ၊ ဟိုတယ်တွေ၊ စကိုင်းနက် ရုပ်သံလိုင်းတွေ တစ်စတစ်စ ပြောင်းလဲသွားပြီး ကုမ္ပဏီတွေ လက်ထဲ ရောက်သွားကြတယ်”" ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

မြန်မာသံတော်ဆင့်မှ Sky Star ဟိုတယ်သို့ ဆက်သွယ် မေးမြန်းကြည့်ရာ “ခဏလေးနော်” ဟု ပြောကာ ဖုန်းချသွားပြီး ဆက်၍ ခေါ်သော်လည်း ဖုန်းမကိုင်တော့ပေ။

ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

တာမွေအောင်ကို

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...