Friday, September 6, 2013

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်မည်

 Created on Friday, 06 September 2013


ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းဆွေးနွေးပွဲ မြင်ကွင်းအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအား တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတကာအဆင့်မီ ဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များကို ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံများတွင် ကျင့်သုံးနေသည့် ပညာရေး စနစ်များနှင့် လိုက်လျောညီထွေမှု ရှိစေမည့် ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲရန် ဆွေးနွေးလျက်ရှိရာ အဆိုပါ ဘက်စုံလွှမ်းခြုံနိုင်သော အခြေခံ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အခြေခံပညာကဏ္ဍ၊ အမျိုးသားပညာရည် မြင့်မားရေးအနှစ် ၂၀ စီမံကိန်းကို ၂၀၁၁ -၁၂ ပညာသင်နှစ်မှ ၂၀၃၀-၃၁ ပညာသင်နှစ်အထိ နှစ်တိုငါးနှစ် စီမံကိန်းလေးခု ပိုင်းခြားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံဖွဲ့စည်းမှုပုံစံနှင့် ပတ်သက်၍ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ် များကိုလည်း ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးညှိနှိုင်း လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ၌ ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းများကို ပထမဆုံးအကြိမ် ၁၉၉၇ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ သြဂုတ်တွင် ဒုတိယအကြိမ်အဖြစ် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ကိုဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် အာဆီယံ နိုင်ငံများ၏ ပညာရေး စနစ်များအား နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အခြေခံပညာ ကဏ္ဍတွင် နှစ်စဉ် ကျောင်းဝင်နှုန်းများ မြင့်မားမှု ရှိသော်လည်း အတန်းပြီးဆုံးသည်အထိ သင်ယူနိုင်မှုနှုန်းမှာ မြို့ပြထက် ကျေးလက်ဒေသများတွင် သိသာစွာ နိမ့်ကျနေဆဲဖြစ်ပြီး မူလတန်း ပညာရေးပြီးဆုံးမှုနှုန်း လျော့ကျရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျောင်းသားမိဘများ၏ စားဝတ်နေရေးနှင့် စီးပွားရေး အခြေအနေ နိမ့်ကျခြင်းတို့ကြောင့် ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အစီရင်ခံစာ (မူကြမ်း) ဖော်ပြချက်အရ သိရသည်။


Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...