Saturday, September 28, 2013

ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၀၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၃၉၀ နီးပါး ရရှိထား




ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၀၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၉၀ နီးပါး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၁၃ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၅၅၈၈၄၄ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၈ ဒသမ ၀၄၇ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ တင်ပို့မှု လျှော့ကျနေကြောင်း သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဘိုကိတ် ပဲနှင့် ပဲပုပ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၉၀ နီးပါး ရရှိခဲ့သော်လည်း ယခင် ဘဏ္ဍာရေးနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန် ဒေါ်လာ ၆၁ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်နှစ်သိန်း ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော်ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့နှင့်နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေပါ လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တင်ပို့မှု တန်ချိန် ၁၄ သိန်းကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၉၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှထွက်သည့် ပဲများကို အိန္ဒိယနှင့် တရုတ်သို့ အဓိက တင်ပို့နေကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပ ပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ လုံးဝ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်မထုတ်ကုန် အနည်းငယ်အပေါ်သာ မှီခို အားထားနေရခြင်းကြောင့် အစိုးရက ပြည်ပ ပို့ကုန်အမျိုးအစားများ စုံလင် များပြားလာစေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်နေကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက် ဘဏ္ဍာရေး ငွေကြေးကိစ္စများ ပံ့ပိုးပေးခြင်း (trade financing)၊ ဈေးကွက် ချဲ့ထွင်ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင် ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲလုပ်ငန်းရှင်များ ပဲအရောင်းအ၀ယ် ပြုလုပ်နေကြစဉ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...