Wednesday, September 18, 2013

လူကုန်ကူး ခံရသူများအား အကာအကွယ် ပေးရေး


မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးများ ညီလာခံသို့ တက်ရောက်ခဲ့ပြီး နောက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝလုံခြုံရေး အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီကို ၁၉၉၆ ခုနှစ်တွင်ဖွဲ့စည်း၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များ ချမှတ်ပြီး စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။


လူကုန်ကူးမှုသည် မိမိ အကျိုးစီးပွား အတွက် လူသား အချင်းချင်းကို ကုန်ပစ္စည်း သဖွယ် ရောင်းဝယ် ဖောက်ကား၍ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ပြည့် တန်ဆာပြုခြင်း၊ လုပ်အား ခေါင်း ပုံဖြတ်ခြင်းဖြင့် လူသား တစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကိုပါ ပြင်းထန်စွာ ထိခိုက် စေပါသည်။ လူကုန်ကူးမှု သည် မြန်မာလူမျိုးတို့ တန်ဖိုးထား စောင့်ရှောက်အပ်သော အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိခိုက် ပျက်ပြားစေသော ပြဿနာ တစ်ရပ် ဖြစ်သဖြင့် ၁၉၉၇ ခုနှစ်ကစပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် သတ်မှတ်၍ အလေးအနက်ထား တားဆီး ကာကွယ်လျက် ရှိပါသည်။

လူကုန်ကူး ခံရသူများသည် စိတ်ပိုင်းဆိုင်ရာ အနေဖြင့် ရူးသွပ်သွားခြင်း၊ အပြင်းအထန် စိတ်ချောက်ချားခြင်း၊ ထိတ်လန့်မှုကြောင့် အိပ်မပျော်ခြင်း၊ မှတ်ဉာဏ် ပျောက်ကွယ်ခြင်း၊ စိတ်ကျရောဂါ ရရှိခြင်း၊ လူ့အသိုက်အဝန်းအား ကြောက်ရွံ့ခြင်း၊ စိုးရိမ်မှု များပြားခြင်း၊ ဆုံးဖြတ်နိုင်မှု စွမ်းရည် ကျဆင်းခြင်း၊ နေ့/ည မမှတ်မိခြင်းများ ဖြစ်သွားတတ် ကြပါသည်။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ အနေဖြင့်လည်း ကူးစက်ရောဂါများ ရရှိနိုင်ခြင်း၊ ဒဏ်ရာ အနာတရများ ရရှိခြင်း၊ အသက် အန္တရာယ် ထိခိုက်နိုင်ခြင်း၊ လိင်ပိုင်းဆိုင်ရာများ ပျက်စီးခြင်း၊မိမိကိုယ်ကို သတ်သေခြင်းများလည်း ဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့်လည်း လူကုန်ကူး ခံရသူများအား အကာအကွယ် ပေးရန်နှင့် ၎င်းတို့၏ ဘဝပြန်လည် ထူထောင်နိုင်အောင် ဆောင်ရွက်ရန်မှာ အလွန် အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများ ကာကွယ် စောင့်ရှောက်ရေးကို လူမှု အသိုင်းအဝိုင်းများက လည်းကောင်း၊ အဖွဲ့အစည်း များကသော် လည်းကောင်း ကာကွယ် စောင့်ရှောက် ပေးခဲ့ကြပါသည်။ ဘဝပြန်လည် ထူထောင်ရေး များကိုလည်း နယ်ပယ် အသီးသီးမှ ပံ့ပိုး ကူညီမှု များဖြင့် ကာလဒေသများကို လိုက်၍ ဆောင်ရွက်လျက် ရှိ ကြပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော် အနေဖြင့် ဥပဒေ နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို ရေးဆွဲခဲ့ပြီး နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ ဥပဒေပညာရှင်များ ၏ အကြံပြုချက်များဖြင့် ၂ဝဝ၅ ခုနှစ် ဇွန် ၁၄ ရက်တွင် ဥပဒေမူကြမ်းကို ပြင်ဆင် ရေးဆွဲကာ ၂ဝဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြု ပြဋ္ဌာန်း နိုင်ခဲ့ပါသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင် လူကုန်ကူး ခံရသူများနှင့် ပတ်သက်၍ ပြဋ္ဌာန်း ထားတာတွေကတော့ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၇(က)နှင့်(ဂ)တို့တွင် လူ ကုန်ကူးမှု တားဆီး ကာကွယ်ရေးနှင့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ကို ၎င်းလူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ဟူ၍ ဖွဲ့စည်းပြီး ဆောင်ရွက် စေခဲ့ပါသည်။ သက်ဆိုင်ရာ ဝန်ကြီး ဌာနများကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ အဆိုပါ လုပ်ငန်း အဖွဲ့များ၏ လုပ်ငန်း တာဝန် ပေးအပ်ထားရှိမှုတွင် လူကုန်ကူး ခံရသူများနှင့် ပတ်သက်၍ လူကုန်ကူး ခံရသူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေး သူငယ်နှင့် လူငယ်များအား ကာကွယ် စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။

လူကုန်ကူး ခံရပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားသား များအား သတ်မှတ်ချက်များနှင့် အညီ ကာကွယ် စောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ လူကုန်ကူး ခံရသူများအား ကာကွယ် စောင့်ရှောက်ရေးကို တာဝန်ယူ ဆောင်ရွက် မည့်သူ များအား လိုအပ်သည့် လေ့ကျင့် ပညာပေးမှုများ စီစဉ် ဆောင်ရွက် ပေးခဲ့ပါသည်။

လူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံပြီး ဇာတိ နေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ မိသားစု၏ အခြေအနေကို စုံစမ်းမှု ပြုလုပ်ခြင်း၊ ပြန်လည် ပို့ဆောင်ခြင်း၊ လူကုန်ကူး ခံရသူတို့အား ယင်းတို့၏ သဘော တူညီချက်ဖြင့် ဆေးစစ်ခြင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် အခြား လိုအပ်သော ကူညီ ထောက်ပံ့မှု ပေးခြင်းတို့ အတွက် သက်ဆိုင် ရာ အစိုးရဌာန၊အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

လူကုန်ကူး ခံရသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်မှု မရှိစေရန် သက်ဆိုင်ရာ တရားရုံးသည် ဤဥပဒေပါ လူကုန်ကူးမှုနှင့် စပ်လျဉ်းသော ပြစ်မှုများကို စစ်ဆေး စီရင်ရာတွင် လူကုန် ကူးခံရသူသည် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များ ဖြစ်ပါက ကာယိနြေ္ဒ စောင့်ထိန်းမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရန် အများပြည်သူ ရှေ့တွင် မဟုတ်ဘဲ သီးသန့် ရုံးခန်းတွင် စစ်ဆေးစီရင် ရပါမည်။ လူကုန်ကူးမှုနှင့် စပ်လျဉ်း၍ မည်သည့် စုံစမ်းစစ်ဆေးမှု၊ တရားစွဲတင်မှုနှင့် တရား စီရင်မှု အဆင့်တွင် မဆို သက်ဆိုင်ရာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့၏ ခွင့်ပြုချက် ရရှိမှသာ သတင်းဖြန့်ချိ ရပါမည်။ အမှုနှင့် မသက်ဆိုင်သူများကို အမှုတွဲပါ စာရွက်စာတမ်းများ ကြည့်ရှုကူးယူခွင့် မပြုရလို့ အကာအကွယ် ပေးထားပါသည်။ ထို့အပြင် လူကုန်ကူး ခံရသူအား ဤဥပဒေပါ ပြစ် မှု တစ်ရပ်ရပ်ဖြင့် အရေးယူခြင်း မပြုရ၊ လူကုန်ကူးမှုမှ တိုက် ရိုက် အကျိုးဆက် အဖြစ်ပေါ်ပေါက်လာသော အခြားပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လူကုန်ကူး ခံရသူအား အရေးယူရန် သင့်၊ မသင့် ဆုံးဖြတ်ပေးရပါမည်။ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် လူကုန်ကူး ခံရသူမှာ မြန်မာနိုင်ငံတွင်အမြဲတမ်း နေထိုင်ခွင့် ရရှိသူဖြစ်ပါက ယင်းအား အမြဲတမ်း နေထိုင်ခွင့် ရရှိရေး၊ လုံခြုံရေးနှင့် ၎င်း၏ အခြေအနေ အဆင့်အတန်း အတွက် ကာကွယ် ပေးရမည် ဖြစ်ပါသည်။

လူကုန်ကူး ခံရသူ အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များအတွက် ယင်းတို့၏ ဂုဏ်သိက္ခာနှင့် မည်သူမည်ဝါဖြစ်ကြောင်း သိသာ ထင်ရှားစေခြင်းကို အထူးကာကွယ် စောင့်ရှောက်ရမည့် အပြင် လိုအပ်သော လုံခြုံမှုနှင့် အကူအညီများကို ပေးရပါမည်။ ယင်းတို့အတွက် အကောင်းဆုံး အခြေအနေ ဖြစ်ကြောင်း စိစစ်တွေ့ရှိပါက မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ပြန်လည် ပို့ဆောင်ရန် ဆောင်ရွက် ပေးရပါမည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ပြန်လည်ပို့ဆောင်ရန် အခြေအနေ မပေးသည့်အခါတွင် ဖြစ်စေ၊ ပြန်လည်ပို့ဆောင်ရန် မသင့်လျော်သော အခြေအနေရှိသည့် အခါတွင်ဖြစ်စေ အခြားသင့်လျော်၍ လုံခြုံ စိတ်ချရသည့် ကာကွယ် စောင့်ရှောက်မှုများကို စီစဉ်ပေးရပါမည်။ အသက်အရွယ်နှင့် ရင့်ကျက်မှု အလိုက် ၎င်းတို့၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု၊ လွတ်လပ်စွာ ရွေးချယ်မှုတို့ကို အလေးထား၍ စီစဉ် ဆောင်ရွက်ပေးရပါမည်။ ယင်းတို့နှင့် သက်ဆိုင်သော သတင်း အချက်အလက်များကို လျှို့ဝှက် ထားရှိခြင်းဖြင့် အကာအကွယ် ပေးရမည်ဖြစ်ပါသည်။

လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံခြင်း၊ လူမှု အသိုင်းအဝိုင်း အတွင်းသို့ ပြန်လည် ဝင်ဆံ့စေခြင်း၊ ပြန်လည် ပေါင်းစည်းပေးခြင်း၊ ပြန်လည် ထူထောင်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး လူကုန်ကူး ခံရသူ များအား ပြန်လည် လက်ခံရေး အတွက် လိုအပ်သည့် ညှိနှိုင်း မှုများ စီစဉ် ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူး ခံရသူများ ယာယီ နေထိုင်ရန် လုံခြုံမှုရှိသော နေရာ သို့မဟုတ် သင့်လျော်သည့် နေအိမ် စီစဉ်ပေးခြင်း၊ လူမှုရေး ဆိုင်ရာ ပြန်လည်ပျိုးထောင် ပေးခြင်း၊ လူကုန်ကူး ခံရသူက မိမိ၏ နစ်နာမှုအတွက် တရား စွဲဆိုမှုတွင် လိုအပ်ပါက ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေ အရာရှိအား အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးရန် ရှေ့နေ ချုပ်ရုံးသို့ မေတ္တာရပ်ခံပေးခြင်း သို့မဟုတ် စကားပြန်ဖြင့် ကြားနာ စစ်ဆေးနိုင်ရန် အကူအညီပေးခြင်း၊ လူကုန်ကူးခံရသူက သက်သေခံချက် ပေးသည့် အခါတွင် ဖြစ်စေ၊ အမှုရင်ဆိုင်သည့် အခါတွင်ဖြစ်စေ လုံခြုံရေး အစီအစဉ်များ ချမှတ်ပေးခြင်းနှင့် အခြားရထိုက်သည့် အခွင့်အရေးများ ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးခံရသူ၏ သဘောတူညီချက်ဖြင့် ဆေးစစ်ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်း၊ လူကုန်ကူး ခံရသူများ၏ ဘဝရပ်တည်နိုင်ရေး အတွက် ပညာရေးနှင့် ကျွမ်းကျင်မှု အခြေခံသော အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး ဆိုင်ရာ အခွင့်အလမ်းများ စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးပါသည်။

ပြည်ပနိုင်ငံများတွင် ရှိသော မြန်မာသံရုံးမှ တာဝန်ရှိသူ များသည် ပြည်ပနိုင်ငံတွင် ရောက်ရှိနေသော လူကုန်ကူး ခံရသူ မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်သည့် နိုင်ငံခြားသားများ အတွက် လိုအပ်သည့် ကာကွယ် စောင့်ရှောက်မှုများ စီစဉ် ဆောင် ရွက်ပေးရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေးတို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

လူကုန်ကူး ခံရသူများအား ပြန်လည် ထူထောင်ရေး အတွက် ပညာရေးနှင့် ကျွမ်းကျင်မှု အခြေခံသော အသက်မွေး ဝမ်းကျောင်း ပညာရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးတို့ကို စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လူကုန်ကူး ခံရသူများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဤဥပဒေအရ တည်ထောင်ထားသော လူကုန်ကူးမှု တားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးခံရသူ များအား ပြန်လည် ထူထောင်ရေး ရန်ပုံငွေမှ ကျခံ သုံးစွဲနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

လူကုန်ကူး ခံရသူများအား အကာအကွယ် ပေးရေးနှင့် ၎င်းတို့၏ဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့သည် ပြည်တွင်းတွင် ရှိသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် လူကုန်ကူးခံရသူ ပြန်လည် ကယ်တင်ရေးနှင့် ပြန်လည် လက်ခံရေး တို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ၎င်းတို့၏ ဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရှိသမျှ ခွန်အားများဖြင့် အစွမ်းကုန် ဖြည့်ဆည်း ဆောင် ရွက်ပေးနေသော်လည်း ပြည့်ဝမှု မရှိသေးပေ။ ပြည်တွင်း၌ အလုပ်အကိုင် ပေါများစွာ ဖြစ်ပေါ်လာစေရေး၊ တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေး လုပ်ငန်းများ လုပ်ကိုင် လာနိုင်စေရေးအတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များမှ တစေ့တစောင်း လှည့်ပြောင်းလို့ ကြည့်ပေးကြမည် ဆိုပါက သူတို့ဘဝလေးများသည် သာယာလန်းဆန်း သွားမည်မှာ အမှန်တကယ်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြ၀တီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...