Wednesday, October 9, 2013

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်သောနေ့တွင် ကေအိုင်အိုအဖွဲ့မှ အကျဉ်းကျနေသူ အများစု ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၅၆ ဦးကို အစိုးရက လွှတ်ပေး

 Created on Tuesday, 09 October 2013


အောက်တိုဘာ ၈ ရက်တွင် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ရှင်းလင်းပြောကြားစဉ်

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်က စတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်တွင် ကေအိုင်အိုအဖွဲ့မှ အကျဉ်းကျနေသူ အများစု ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၅၆ ဦးကို အောက်တိုဘာ ၈ ရက် နံနက်က စတင်ပြီး အစိုးရက လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ယခု နိုင်ငံတော် သမ္မတ၏ အမိန့်နှင့် လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည့် နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် ယင်းအဖွဲ့အစည်းများနှင့် ဆက်နွှယ်သည်ဟုဆိုကာ မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် အကျဉ်းကျခံ နေရသူ အများစုဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

"ဒီနေ့ အကျဉ်းသား လွတ်မြောက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်သိထားတာက ၅၆ ဦး လွတ်မယ်လို့ သိထားပါတယ်။ အင်းစိန်ထောင်က တစ်ဦးတည်း ပါတယ်လို့ သိရတယ်။ လွတ်တဲ့အထဲမှာ အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က လူတွေများပါတယ်။ ဒီနေ့ ၅၆ ယောက် လွှတ်တဲ့ဟာက လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေ စိစစ်ပြီး တင်ပြထားတဲ့သူတွေပဲ ဖြစ်ပါတယ်" ဟု ဦးရဲအောင်က ပြောကြားသည်။

အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၅၆ ဦးအနက် ကချင်လွတ်မြောက်ရေးအဖွဲ့/ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အို/ကေအိုင်အေ) အဖွဲ့အစည်းမှ ၂၇ ဦးဖြင့် အများဆုံး ပါဝင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှ ၂၀ ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့မှ လေးဦးတို့ ပါဝင်ကြောင်းနှင့် ပလောင်၊ နာဂကဲ့သို့သော တိုင်းရင်းသားများ ပါဝင်သည်ဟု သိရသည်။

ကေအိုင်အို/ကေအိုင်အေအဖွဲ့မှ လွတ်မြောက်လာသည့် ၂၇ ဦးမှာ ဗန်းမော်ထောင်မှ ခုနစ်ဦး၊ ခန္တီးထောင်မှ တစ်ဦး၊ ကလေးထောင်မှ သုံးဦး၊ ကသာထောင်မှ တစ်ဦး၊ လားရှိုးထောင်မှ ခုနစ်ဦး၊ မိတ္ထီလာထောင်မှ လေးဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦး၊ သီပေါထောင်မှ သုံးဦး စသည့်အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် SSPP/SSA အဖွဲ့မှ ၂၀ ဦးမှာ လားရှိုးထောင်မှ လေးဦး၊ ကျိုင်းတုံထောင်မှ ခြောက်ဦး၊ မိုင်းဆက်ထောင်မှ နှစ်ဦး၊ သီပေါထောင်မှ ခုနစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦးတို့ လွတ်မြောက်ခဲ့ကြောင်းနှင့် RCSS/SSA အဖွဲ့မှ လေးဦးမှာ လားရှိုးထောင်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လားရှိုးထောင်မှ ဆမ်လှ၊ လှခိုင်၊ ကွမ်းခမ်း၊ အိုက်ရီ(ခေါ်)ရီဆာ၊ အိုက်စံ၊ ရောလီ (ခေါ်) မာဂမ်၊ ဆန်လူ၊ ဘရမ်နမ်၊ တယ်ဂျုံး၊ ဇုန်းလွတ်ဇောင်းခေါင်၊ ဇောင်းခွန်၊ ပေါ်ဆိုင်းအောင်လီ၊ စိုင်းမောင်ဝင်း(ခေါ်) မောင်ဝင်း(ခေါ်)အိုက်ဝင်း၊ အိုက်ခမ်း၊ ထွန်းလှ၊ အိုက်တူး(ခေါ်)နိုင်တူး စသည့် ၁၅ ဦး လွတ်မြောက်လာသည်။ မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသူမှာ တူးနန်းဖြစ်ကြောင်း သိရသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့ ၅၀၅ (ခ) တို့ မလွတ်တာနဲ့ ပတ်သက်ရင် အစိုးရနဲ့ပဲ ပိုပြီးတော့ အဓိက သက်ဆိုင်ပါတယ်။ အစိုးရက သူတို့လက်ထက်မှာ ဖမ်းထားတဲ့ သူတွေနဲ့ ပတ်သက်ပြီး နောက်မှဆွေးနွေးပါလို့ ပြောထားတယ်။ ကျွန်တော်တို့ကတော့ ဒေါ်နော်အုန်းလှကိုလွှတ်ဖို့ တိုက်တွန်းပြောဆိုနေတာ ရှိပါတယ်။ အစည်းအဝေး ခန်းထဲမှာ ပြောခဲ့တာက နော်အုန်းလှတို့ကို မလွှတ်ရင် အားလုံးဝိုင်းမေး ကြလိမ့်မယ်။ လာမယ့် အစည်းအဝေးမှာ ထပ်ပြီးတော့ ဆွေးနွေးမှာပါ။ ကျွန်တော်တို့ AAPP ရယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ရယ်၊ SNLD ရယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအ ဖွဲ့ချုပ်ရယ်၊ HRDP စတဲ့ အဖွဲ့တွေ တွေ့ဆုံပြီးတော့ မတ် ၁၄ ရက်က workshop တစ်ခုလုပ်ပြီး နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတယ်။ အဲဒီ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့လူ မှန်သမျှ မည်သူ့ကိုမဆို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဒီလူတွေ မလွှတ်မချင်း ဆက်ပြီးကြိုးစား ဆောင်ရွက်သွားမှာပါ။ အခု လွတ်လာသူတွေကလည်း တကယ့်တိုင်းရင်းသား အစစ်တွေပဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ ထောက်ခံချက်ဖြင့်ဟုဆိုကာ နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ဧပြီလအတွင်း အကျဉ်းသား ၉၃ ဦး၊ မေလအတွင်း အကျဉ်းသား ၂၃ ဦးနှင့် ဇူလိုင်လအတွင်း အကျဉ်းသား ၇၃ ဦးတို့အား လွှတ်ပေးခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...