Wednesday, October 9, 2013

မေလ ဆွေးနွေးပွဲ နောက်ပိုင်း နှစ်ဖက်တပ်များ ထိတွေ့မှု သိသိသာသာ လျော့နည်းသွားကြောင်း တပ်မတော်နှင့် ကေအိုင်အေတို့ ပြောကြား




၂၀၁၃ ခုနှစ် မေလ ဆွေးနွေးပွဲနောက်ပိုင်း အစိုးရနှင့် ကေအိုင်အိုအကြား နှစ်ဖက်တပ်များ ထိတွေ့မှု သိသိသာသာ လျော့နည်းသွားကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့က အတည်ပြု ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ပြုလုပ်လျှက်ရှိသည့် အစိုးရ ကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူထားသည့် နှစ်ဖက်တာဝန်ရှိသူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

''မေလကုန်ကစပြီး ဒီနေ့အထိ တိုက်ပွဲကြီး နှစ်ကြိမ်ပဲ ဖြစ်ခဲ့ပါတယ်။ အောက်ခြေမှာ ပစ်တာခတ်တာကတော့ အနည်းအကျဉ်းရှိတာပေါ့။ ဒါကလည်း လေးလအတွင်းမှာ ၂၉ ကြိမ်ပဲရှိပါတယ်။ အရင်ကဆို တစ်နေ့ကို သုံးလေးကြိမ် ရှိခဲ့တာပါ။ ဆွေးနွေးပွဲတွေက အများကြီး တိုးတက်လာတယ်ဆိုတာ ပြနေတာပါ''ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထူးအာဏာကုန်လွှဲအပ်ပြီး စေလွှတ်ထားသူ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

မေလ ဆွေးနွေးပွဲနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု အခြေအနေနှင့် ကေအိုင်အိုအနေဖြင့် ယခုဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိမရှိအား မေးမြန်းခဲ့ရာတွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က''တိုက်ပွဲတွေကတော့ အများကြီး လျော့ကျသွားပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကတော့ အခုမှ စဆွေးနွေးမှာပါ။ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ထိုးမလား မထိုးဘူးလား ဆိုတာကတော့ အခုဆွေးနွေးကြတာပါ။ ဒီဆွေးနွေးမှုအပေါ်မှာပဲ အဓိကကျမှာပါ''ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရင်ဆိုင်တိုက်ပွဲများ မရှိတော့သော်လည်း နှစ်ဖက်တပ်များအကြား ပစ်ခတ် မှုရှိနေခြင်းမှာ အောက်ခြေရှိ တပ်များအကြား နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။
''တပ်ပိုင်းဆိုင်ရာမှာ အောက်ခြေက နားလည်မှု လွဲမှားလို့ ဒီကိစ္စတွေဖြစ်တာပါ။ ငြိမ်းချမ်းရေး ရဖို့ဆိုတာက အပေါ်ပိုင်းမှာ ဆွေးနွေးနေလို့ မပြီးပါဘူး။ အောက်ခြေက လူတွေပါ ငြိမ်းချမ်းရေးကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ နောက်အခက်အခဲတစ်ခုက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီကိစ္စတွေဖြစ်ရတာပါ။ အထက်က ညွှန်ကြားချက် အောက်ကိုမရောက်တော့ ပစ်တာခတ်တာတွေ ဖြစ်လာတယ်''ဟု ၎င်းက ပြောကြားသည်။

eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...