Wednesday, October 9, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိ ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ် ကာလတူထက် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် လျော့နည်း

 Created on Tuesday, 09 October 2013


ပြည်ပသို့ တင်ပို့နေသည့် ဆန်သိုလှောင်ရုံ တစ်ရုံကို တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ထက်ဝက်နီးပါး လျော့ကျလျက် ရှိသည့်နည်းတူ တန်ဖိုးရရှိမှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၃၁၆၇၁၁ တင်ပို့ခဲ့ရာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၉ သန်းကျော် ရရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၆၂၆၀၄၀ တင်ပို့ခဲ့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၄၀ ကျော် ရရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ယခင် ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော် ယခု ဘဏ္ဍာနှစ်တွင်မူ မြန်မာနိုင်ငံ ဒေသအတော်များများတွင် ရေကြီးမှု၊ မိုးခေါင်မှုများကြောင့် ပျက်စီးမှုများ ရှိနေသော်လည်း အနည်းဆုံး ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့ခဲ့မှုမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပြည်ပသို့ အများဆုံး တင်ပို့နိုင်သည့် ပမာဏဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်ပို့နိုင်ခဲ့သော်လည်း တန်းမြင့်ဆန် အနေဖြင့် ဆန်တန်ချိန် ၁၆၀၀၀၀ ကျော်ကိုသာ တင်ပို့နိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယခု ဘဏ္ဍာနှစ် စက်တင်ဘာ ၂၇ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်း တင်ပို့မှု အနေဖြင့် တန်ချိန် ၄၂၉၇၈၃ ရှိနေပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၆၇ သန်းကျော် ရရှိထားရာ ယခင်နှစ် ကာလတူထက် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၂ သန်းကျော် လျော့ကျနေကြောင်း သိရသည်။

ပြည်တွင်းဆန်ဈေးကွက် အတွင်းတွင်မူ ဆန်ဈေးအေးလျက်ရှိကာ အရောင်းအ၀ယ် ပုံမှန်ရှိနေကြောင်း၊ စက်တင်ဘာ လကုန်ပိုင်းက ဆန်ချောများဖြစ်သည့် ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၅၀၀၀၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့် ရှိခဲ့ရာမှ အောက်တိုဘာ ပထမပတ်အတွင်း ပေါ်ကျွဲဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ သာ ရှိခဲ့ပြီး ယခင်အပတ်ထက် ဈေးအေးနေကြောင်း ၀ါးတန်းဆန်ကုန်စည်ဒိုင်မှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...