Wednesday, October 9, 2013

ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါး ကုန်သွယ်မှု ပိုမိုပြုလုပ်

 Created on Tuesday, 09 October 2013


သီလ၀ါ ဆိပ်ကမ်းမှ သွင်းကုန်များ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်

ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါး ကုန်သွယ်မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ကုန်သွယ်မှု တန်ဖိုးမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုပေါင်းမှ ရငွေဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် ရှိခြင်းကြောင့် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ပိုမိုနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို ပင်လယ်ရေကြောင်းမှ ကုန်သွယ်၍ ကျန်ရှိသည့် ရာခိုင်နှုန်း ၂၀ ကို နယ်စပ်မှ ကုန်သွယ်မှု ပြုလုပ်လျက်ရှိကာ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြင့် တရားဝင် ကုန်သွယ်မှု ပြုလုပ်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်းမှာ ၁၅ ခုရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၆၃၁ သန်းကျော်၊ သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၅၂၈၇ သန်းကျော် ရရှိထားပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃၆၃ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၆၅ သန်းကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး လျာထားချက် ပြည့်မီရန်နှင့် တရားဝင် ကုန်သွယ်မှု တိုးတက်ရရှိစေရန် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တရားမ၀င် ကုန်သွယ်မှုများကို Mobile Team များဖွဲ့ကာ စစ်ဆေးအရေးယူလျက် ရှိရာ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များမှ တရားမ၀င် သယ်ဆောင်လာသည့် ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၂၂၁၈၂ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် ယခုဘဏ္ဍာနှစ် အတွင်း၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေပြီး နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှ ကုန်သွယ်မှုပိုငွေ ပြသော်လည်း မြန်မာ-ထိုင်း နယ်စပ်မှ ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်အထိရှိကာ မြန်မာနိုင်ငံမှ တင်သွင်းခွင့် မပြုသည့် အရက်၊ ဘီယာနှင့် ၀ီစကီများကို တရားမ၀င် တင်သွင်းမှုများရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...