Wednesday, October 9, 2013

ကလေးဝမြို့တွင် နှစ်ပေါင်း ၄၈ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းခဲ့ပြီး ချောင်းရေမျောပါမှုကြောင့် လူတစ်ဦး သေဆုံး

 Created on Tuesday, 09 October 2013

ကလေးဝမြို့နှင့် ခြောက်မိုင်အကွာရှိ ချောင်းကျဉ်းကျေးရွာအနီး လမ်းသားပြိုကျမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်

ကလေးဝမြို့တွင် နှစ်ပေါင်း ၄၈ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းခဲ့ပြီ ကလေးဝမြို့နယ် အင်ဒိုင်းကျေးရွာ အနီးရှိ မောက်ဂဒေါင်ချောင်းအတွင်း လူတစ်ဦး ချောင်းရေနှင့် မျောပါခဲ့မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

"အောက်တိုဘာလ ၈ ရက် တိုင်းထွာချက်အရ စံချိန်တင် မိုးရေချိန်က ၁၀.၅၂ လက်မ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက စံချိန်တင်ခဲ့တာက ၉ လက်မ ဖြစ်ပါတယ်။

ကလးဝမြို့မှာ မိုးလေ၀သနဲ့ ဇလဗေဒရုံး ဖွင့်ခဲ့တာ ၁၉၆၅ ခုနှစ်က စဖွင့်ခဲ့တာဆိုတော့ နှစ်ပေါင်း ၄၈ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပါတယ်" ဟု ကလေးဝမြို့ မိုးဇလဌာနမှ ဦးအောင်ငွေက ပြောကြားခဲ့သည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် ကလေးဝမြို့ အတွင်းရှိ လူနေရပ်ကွက်များနှင့် ရုံးအဆောက်အဦများ အတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး မူလွန်ကျောင်း တစ်ကျောင်း၏ အုတ်တံတိုင်း နံရံများ ပြိုကျမှု ရှိခဲ့သည်ဟု သိရှိရပါသည်။

"မနေ့ညကတည်းက မိုးတွေရွာခဲ့တာ၊ အမှတ် ၃ ရပ်ကွက် အတွင်းက အမြင့်ပိုင်းတွေဖြစ်တဲ့ ထွေအုပ်ရုံး၊ တရားရုံး၊ ဘဏ်စတာ အမြင့်ပိုင်းမှာရှိတဲ့ အဆောက်အဦတွေမှာ ရေအမြင့် နှစ်ပေလောက် ၀င်ခဲ့ပါတယ်။ အမှတ် ၃ ရပ်ကွက် အတွင်းမှာလည်း ရေလျှံခဲ့ပြီး လမ်းပေါ်မှာ ရေက (လေးပေ)လောက် ရောက်ခဲ့ပါတယ်။ တစ်ညလုံး မိုးရေကြောင့် ရေတက်တာကို စောင့်ကြည့်နေရတယ်။ အမှတ် ၃ မူလွန်ကျောင်းရဲ့ တောင်ဘက်မှာရှိတဲ့ ပေတစ်ရာ အရှည်လောက်ရှိမယ့် အုတ်တံတိုင်းတွေ ပြိုကျကုန်ပါတယ်။ အခုတော့ ရေမရှိတော့ပါဘူး။ ကဇက်ချောင်ဘက်က မောက်ဂဒေါင် ချောင်းရေနဲ့မျောလို့ လူတစ်ဦး သေတယ်" ဟု ကလေးဝမြို့ ဒေသခံ တစ်ဦးမှ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဆက်သွယ်ပြောကြားခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ကလေးဝမြို့နှင့် နှစ်မိုင်နှစ်ဖာလုံ အကွာခန့်တွင်ရှိသော ကလေး-ကလေးဝမြို့ ကားလမ်းပေါ်သို့ တောင်ပေါ်မှ ကျောက်ချပ်လွှာများ ပြိုကျမှု ရှိခဲ့သည်ဟု သိရှိရပါသည်။

"မနေ့ညက ရွာတဲ့မိုးကြောင့် ပြိုတာက တောင်ပေါ်ကနေ ကျောက်ချပ်ကြီး လိုက်ပြိုကျလာတာ။ လေးခုလောက် ရှိမယ်။ အဲဒီကျောက်တုံးတွေကို အခုမြေတွေ ဖယ်ရှားနေတဲ့ ယန္တရားနဲ့ ဖယ်လို့မရဘူး။ ယန္တရား အကြီးနဲ့ဖယ်မှ ရမယ်ထင်ပါတယ်။ ချောင်းကျဉ်းနေရာကလည်း မြေပြိုတာ လမ်းသားပါ ပါသွားတယ်။ တခြားလမ်းသားပါတဲ့နေရာ ရှိသေးတယ်။ အဲဒီနေရာ ကားကြီးတွေ သွားဖို့မလွယ်ဘူး။ အခုဆိုရင် ကလေးမြို့-ကလေးဝ ကားလမ်း ထပ်ပိတ်သွားပြန်ပြီ" ဟု ဒေသခံ တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...