Wednesday, October 9, 2013

လုံခြုံရေးအဆင့် မြှင့်တင်ထားသည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူသစ်များ ထွက်ရှိ

 Created on Tuesday, 09 October 2013


အောက်တိုဘာ ၄ ရက်က ၀ါရှင်တန်တွင် မိတ်ဆက်ပြသခဲ့သည့် ၁၀၀ တန် ဒေါ်လာငွေစက္ကူသစ်ကို တွေ့ရစဉ် (Photo:AFP)

ငွေစက္ကူ အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်သည့် အထူးပြုလုပ်ချက်များ ပါဝင်သော အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများကို အမေရိကန် ပြည်ထောင်စုတွင် အောက်တိုဘာ ၈ ရက်က စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။

၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် ထုတ်ဝေခဲ့သည့် ယခုဒေါ်လာ ၁၀၀ တန် ငွေစက္ကူ၏ အရှေ့ဘက်တွင် အမေရိကန် တော်လှန်ရေး စစ်ပွဲအတွင်း အဓိက နိုင်ငံရေးသမားဖြစ်သူ ဘင်ဂျမင်ဖရန်ကလင်၏ ရုပ်ပုံကို ပင်ရိုက်နှိပ်ထားကာ အနောက်ဘက်တွင်လည်း ယခင်အတိုင်း ၁၇၇၆ ခုနှစ် ဇူလိုင်လက လွတ်လပ်ရေး ကြေညာခဲ့သည့် ဖီလာဒဲဖီးယားမြို့ရှိ လွတ်လပ်ရေး ခန်းမပုံကို ရိုက်နှိပ်ထားသည်။

ထပ်မံဖြည့်စွက်ချက်များ အနေနှင့် ငွေစက္ကူ၏ထောင့်၊ ဖရန်ကလင်၏ နံဘေးတွင် အ၀ါရောင်ရှိသည့် ၁၀၀ ဂဏန်း စာလုံးကို ရိုက်နှိပ်ထားသည်။ ထို့နောက် ငန်းတောင်ကလောင်တံ တစ်ချောင်းနှင့် ကြေးရောင်မင်အိုး တစ်ခု၏ ပုံကိုလည်း ထပ်မံထည့်သွင်း ရိုက်နှိပ်ထားသည်။ ငွေစက္ကူ၏ အလယ်တည့်တည့်တွင် အပြာရောင် လုံခြုံရေးမင်ခံ ကြိုးတစ်ချောင်းကိုလည်း ထပ်မံထည့်သွင်း ထားသည်။ ယင်းကြိုးပေါ်တွင် နက်ပြာရောင်မင်နှင့် ရိုက်နှိပ်ထားသည့် လေဘာတီ ခေါင်းလောင်းနှင့် ၁၀၀ ဂဏန်း စာလုံးများ ပါရှိသည်။ ယင်းကြိုးကို သုံးဘက်မြင် ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် ပိုက်ဆံကို အနေအထား ပြောင်းကြည့်လျှင် ခေါင်းလောင်းနှင့် ၁၀၀ ဂဏန်း စာလုံးကို တစ်လှည့်စီ မြင်ရမည် ဖြစ်သည်။

ငွေစက္ကူအတု ပြုလုပ်ခြင်းအား ကာကွယ်နိုင်ရန် ဦးစားပေးပြီး ယခုဒီဇိုင်း အသစ်နှင့် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူကို ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်ငွေကြေး ပညာဌာနမှ စီမံကိန်း မန်နေဂျာဖြစ်သူ ဆန်ဂျာဒန်ဘက်ဂ်က ပြောကြားခဲ့သည်။

ဒေါ်လာ ၁၀၀ တန်အသစ်ကို ယခင်အတိုင်း ချည်နှင့် လီနင်စက္ကူပေါ်တွင် မင်အနက်နှင့် မင်အစိမ်းတို့ဖြင့် ရိုက်နှိပ်ထားသည်။ သို့သော် ယခင်က လွတ်လပ်ရေး ခန်းမ၏ အရှေ့ဘက်ပုံကို ရိုက်နှိပ်ဖော်ပြ ထားသော်လည်း ယခု အနောက်ဘက်ပုံကို ပြောင်းလဲရိုက်နှိပ် ဖော်ပြမှု စသည့် ဒီဇိုင်းပြောင်းလဲမှုများ ပါသောကြောင့် ယခင်ပုံနှိပ်သုံး ပလိတ်ပြားများ အသုံးပြု၍ မရနိုင်တော့ကြောင်း သိရသည်။

ဒေါ်လာ ၁၀၀ တန် အသစ်များကို ၃ ဒသမ ၅ ဘီလျံဖိုး ရိုက်နှိပ်ထားသော်လည်း လက်ရှိပြင်ပတွင် လည်ပတ်နေသည့် အမေရိကန်ဒေါ်လာ ၁၀၀ တန်အဟောင်း ဘီလျံ ၉၀၀ သည်လည်း ၎င်းတို့ဆက်လက် လည်ပတ်နေသရွေ့ အကျုံးဝင်သွားမည် ဖြစ်သည်ဟု ဒန်ဘက်ဂ်က ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...