Wednesday, October 9, 2013

"ကုန်းဘောင် ရှာပုံတော်"- အပိုင်း (၃)




~~~~~~~~~~~~~~~~~~~~~

* အလောင်းမင်းတရားရဲ့ ငယ်နာမည်က "မောင်အောင်ဇေယျ"..။
မောင်အောင်ဇေယျနှင့် မယ်ယွန်းစံတို့ကား မောင်နှမ တစ်ဝမ်းကွဲ ဘဝမှ "ဆွေချင်းထပ်လျှင် မြတ်၊ မျိုးချင်း ခြုံလျှင် လုံ" ဆိုတဲ့ မြန်မာစကားပုံအရ အကြင်လင်မယား အဖြစ် ရောက်ကြသူများ ဖြစ်ပါတယ်...။

* မောင်အောင်ဇေယျရဲ့ မယ်တော် စောငြိမ်းဦးနှင့် မယ်ယွန်းစံရဲ့ ဖခင် ဦးဖြိုးမြတို့မှာ မောင်နှမအရင်း ..။
ဦးဖြိုးမြဟာ မုဆိုးဘိုနှင့် ၁၀ မိုင်ခန့် ဝေးတဲ့ စည်ပုတ္တရာမြို့မှာ ထောင်မှူးဖြစ်ပါတယ်..။

* သူတို့နှစ်ဦးလက်ထပ်စဉ်က သတို့သား မောင်အောင်ဇေယျမှာ ၁၉ နှစ်၊ သတို့သမီး မယ်ယွန်းစံမှာ ၁၇ နှစ် ..။
ထို ငယ်လင် ငယ်မယားမှ ပေါက်ဖွားလာသူတို့မှာ သားတော် ၆ ပါး၊ သမီးတော် ၃ ပါး ..။

* သားတော်များမှာ-
(၁) မောင်လောက် ခေါ် နောင်တော်ကြီးဘုရင်၊
(၂) မောင်ရွ ခေါ် ဆင်ဖြူရှင်ဘုရင်၊
(၃) မောင်ပိုး ခေါ် အမြင့်မြို့စား၊
(၄) မောင်ဝိုင်း ခေါ် ဘိုးတော်ဘုရား၊
(၅) မောင်စိုး ခေါ် ပခန်းမြို့စား၊
(၆) မောင်ဖိုးရှင် ခေါ် ပင်းတလဲမြို့စား...။

* သမီးတော်များမှာ-
(၁) မယ်သာ ၊
(၂) မယ်မြတ်လှ ၊
(၃) မယ်အိပ်...။

* ဦးအောင်ဇေယျ ကိုယ်တိုင် ထွန်ယက်လုပ်ကိုင်တဲ့ ယာခင်းမှာ ယခု တည်ရှိနေသော "ရွှေတန်းစာ" ဘုရားပတ်လည်မှာ တည်ရှိတယ်..။

* တစ်နေ့မှာတော့ ....
ဦးအောင်ဇေယျဟာ အိပ်မက်တစ်ခု မြင်မက်ခဲ့တယ်...။
" ထိုယာခင်းအနီး ဘုရားပျက်ကို ရှာဖွေပြင်ဆင်ပါက သင့်အလိုအတိုင်း ပြည့်စုံအံ့" ဆိုတဲ့ အိပ်မက်အရ ဦးအောင်ဇေယျဟာ ဇနီးမယ်ယွန်းစံနဲ့အတူ ပေါက်တူး၊ တူးရွင်းများဖြင့် ကိုင်ဆောင်ရှာဖွေကြတယ်...။
ကျယ်ဝန်းပြန့်ပြူးတဲ့ မြေပြင်မှာ တောင်ပို့တစ်ခု တွေ့တော့ အဲဒီတောင်ပို့ကို စည်းခြံ ကာရံထားပြီး အိမ်ပြန်ခဲ့ကြတယ်...။

* အိမ်ရောက်တော့ မယ်ယွန်းစံက (ပြုံးရွှင်လျက်)....
"ဟဲ့.. သားတို့... ငါ့သားများ စားရဖို့သာ ပြင်ထားကြပေတော့.. မောင်တို့အဖေက ဥစ္စာသိုက် တွေ့ခဲ့လို့ စည်းချကာရံထားခဲ့တယ်.. "
လို့ ပြောဆိုနောက်ပြောင်မိသေးတယ်..။

* နောက်နေ့မှာ..
ရပ်သူရွာသား ပန်းရံသမားများနဲ့ သွားရောက်တူးဖော်သော် ဌာပနာတိုက်နှင့်တကွ စေတီဟောင်းတို့ကို တွေ့ရတယ်..။ ဦးအောင်ဇေယျက ထပ်မံ ပြုပြင်တည်ထား ကိုးကွယ်ခဲ့တယ်..။

* ဘုရားကို ပြုပြင်ပြီး မကြာမီမှာ ဦးအောင်ဇေယျရဲ့ လက်ရုံးမှ မီးရောင်တောက်ခြင်းများ ဖြစ်ပေါ်လာပါတယ်..။

* အဲဒီနှစ်(၁၁၁၁)မှာ အင်းဝ ရွှေနန်းရှင်ဘုရင်ကိုယ်တိုင် မြင်မက်တော်မူတဲ့ အိပ်မက်မှာ-
"မြောက်အရပ်သို့ ရှုစားရာ၊ အရှေ့အရပ်မှ နေဗိမာန်သည်၊ ကြယ်တာရာအပေါင်း ခြံရံလျက်၊ အနောက်အရပ်သို့ ကြွမြန်းသည်"
ဆိုပြီး မြင်မက်ပါတယ်..။
အမတ်များက မြောက်အရပ်မှ မင်းလောင်းပေါ်မယ့် နိမိတ်မှန်း သိပေမယ့် ဘုရင်ကို ကြောက်ရွံ့တာကြောင့်
"နေမှာ အင်းဝဘုရင်၊ ကြယ်တာရာများမှာ ပဒေသရာဇ်မင်းများ ခစားပုံ"
ဆိုပြီး လိမ်ညာလျှောက်တင်ကြတယ်..။

* တစ်နေ့သောအခါ....
ဦးအောင်ဇေယျဟာ တောသို့ ယာထွန်သွားရာ နေမြင့်သောအခါ ခေတ္တနားနေပါတယ်..။ သစ်ပင်ရိပ်မှာ လဲလျောင်းရင်း အိပ်ပျော်သွားတယ်...။ အဲဒီအချိန်မှာပဲ အိမ်မှ ထမင်းလာပို့တဲ့ အစေခံ မငြိမ်း ရောက်လာတယ်..။ ဦးအောင်ဇေယျရဲ့ လက်ယာလက်ရုံး(ညာဘက်လက်ရုံး)မှ အခိုးအလျှံများနှင့် မီးတောက်ထလာတာကို မြင်တော့ အူယားဖားယား ချဉ်းကပ်လာပြီး ပါလာတဲ့ တဘက်နဲ့ မီးကို ပုတ်သတ်ပါတယ်...။

* ဦးအောင်ဇေယျ အိပ်ရာက လန့်နိုးလာပြီး
"ဘာဖြစ်တာလဲ..." လို့မေးတော့ အစေခံမက
" အရှင့်လက်မှ မီးခိုးမီးတောက်ကို မြင်လို့ မီးငြှိမ်းသတ်မိတာပါ.." လို့ ဆိုတယ်..။
ဦးအောင်ဇေယျလည်း
"ဒီတိုင်းမှန်ရင် တောစကား တောမှာပျောက်စေ၊ ရွာကို မရောက်စေနှင့်.."
လို့ပြောပြီး နှုတ်ပိတ်လိုက်တယ်..။
ဦးအောင်ဇေယျဟာ (စကြာရတနာကို မျှော်လင့်ချိန်မှာ ရရှိတဲ့ စကြာမင်းကဲ့သို့) ပီတိအပြည့်ဖြစ်ပေါ်လာပေမယ့် ဣနြေ္ဒမပျက် နေလိုက်တယ်..။

* အစေခံမလည်း အိမ်ကို ပြန်လာပြီးနောက် တွေးတောနေမိတယ်..။
"ငါတို့ရဲ့အရှင်ဟာ ဘုန်းပညာနှင့် ပြည့်စုံတယ်.. 'မြောက်ဘက်မှ မင်းလောင်းပေါ်မည်' ဆိုတဲ့ တဘောင်လည်း ထွက်နေတယ်.. အရှင့်ကို ရည်ညွှန်းတာပဲ ဖြစ်ရမယ်.. အရှင်ဟာ ဘုန်းသမ္ဘာရှင် ဖြစ်လိမ့်မယ်.. ဒါကြောင့် ငါ ဒီနေ့ကစပြီး အရှင့်ကို ရှင်ဘုရင်တစ်ပါးကဲ့သို့ ပြုစုအံ့"
လို့ တွေးတော ဆင်ခြင်လိုက်ပြီး ဝတ်ပြုလေတော့တယ်..။

* ဒီလိုနဲ့ ညတစ်ည သန်းခေါင်ကျော်လောက်မှာ ဇနီးမယ်ယွန်းစံ နိုးလာခိုက် ဦးအောင်ဇေယျရဲ့ ညာဘက်လက်ရုံးမှ မီးခိုးမီးလျှံများ ထတောက်ရာ တစ်အိမ်လုံး ထိန်လင်းနေတယ်..။
ဒါကို မယ်ယွန်းစံ မြင်တော့ အနီးရှိ ခြုံစောင်တို့နှင့် အုပ်ဖုံး သတ်ငြှိမ်းနေမိတယ်..။
ဦးအောင်ဇေယျ လန့်နိုးလာတော့ မယ်ယွန်းစံက သူ့လက်မှ မီးတောက်နေကြောင်း ပြောပြတယ်..။
"ဒီအကြောင်း ဒီတွင်ပြီးစေ၊ တစ်ပါး မရောက်စေနှင့်" လို့ တားမြစ်လိုက်ပြန်တယ်...။
မယ်ယွန်းစံက
"ကိုအောင်ဇေယျ... ရှင်ဟာ ဘုန်းကြီးတဲ့ယောက်ျားဖြစ်တယ်.. မမေ့မလျော့တဲ့ သတိနှင့် ပြည့်စုံအောင်သာ နေပါ" လို့ ပြောပြီးနောက်
အဲဒီနေ့ကစပြီး ရှင်ဘုရင်တို့ကို ပြုစုတဲ့ဝတ္တရားအတိုင်း ပြုစုပေးလေတော့တယ်...။

* အခြားတစ်ရွာမှာ နေတဲ့ ဦးအောင်ဇေယျရဲ့ သူငယ်ချင်းတစ်ယောက်လည်း အိပ်မက်မက်ပြန်တယ်...။ သူ့အိပ်မက်က-
...........................................
..........................
.... အပိုင်း(၄) ဆက်လက်ဖော်ပြပါဦးမည်။

မှတ်ချက်။ ။ Essay သဖွယ် အနည်းငယ်ပြုပြင် ရေးသားထားပါတယ်...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...