Tuesday, October 22, 2013

ပင်လယ်ရေကြောင်းဆိုင်ရာ တရားမမှုစီရင်ပိုင်ခွင့် အာဏာအား တရားလွှတ်တော်ချုပ်ကိုသာ အပ်နှင်းရန် အဆိုကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည်

 Created on Tuesday, 22 October 2013


အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက အဆိုတင်သွင်းစဉ်

ပင်လယ်ရေကြောင်းဆိုင်ရာ တရားမမှု စီရင်ပိုင်ခွင့် အာဏာအား တရားလွှတ်တော်ချုပ်ကိုသာ အပ်နှင်းရန် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ အမှတ်(၂၀/၂၀၁၀)ကို လိုအပ်သလို ပြင်ဆင်သည့် ဥပဒေရေးဆွဲပြဋ္ဌာန်း နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း အဆိုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ခင်မောင်အေးက (နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်) ကိုယ်စား တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်သူ မရှိသည့်အတွက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက ''ပင်လယ်ရေကြောင်းဆိုင်ရာ ပြစ်မှုတွေမှာ ပင်လယ်ဓားပြမှုတွေ၊ နိုင်ငံတကာ ပင်လယ်ပြင်(သို့) ကောင်းကင်ယံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်ပြီး နိုင်ငံတကာ ပင်လယ်ပြင်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေ စသည်ဖြင့် ပါဝင်ပါတယ်။ ပင်လယ် ရေကြောင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ ငွေကြေးနဲ့ ကုန်စည်နစ်နာမှုတွေ၊ သင်္ဘောချင်း တိုက်မိလို့ ပျက်စီးမှုတွေ အတွက်လျော်ကြေး၊ နစ်နာကြေး၊ သင်္ဘောသားနဲ့ သင်္ဘောဆယ်ယူမှု အတွက် ရပိုင်ခွင့်နဲ့ ဆယ်ယူခရလိုမှု စသည်ဖြင့် တရားမကြောင်းဆိုင်ရာ အမှုတွေ ပါဝင်ပါတယ်'' ဟု ဆွေးနွေးခဲ့သည်။ ပင်လယ်ရေကြောင်းဆိုင်ရာ ပြစ်မှုနှင့် တရားမမှုများတွင် မှတ်ပုံတင်ထားသော နိုင်ငံအလံ လွှင့်ထားသည့် နိုင်ငံခြားသွား ပင်လယ်ကူး သင်္ဘောများ နိုင်ငံတကာ ရေပြင်ဖြတ်သန်းပြီး သယ်ယူပို့ဆောင်ရာတွင် ဖြစ်ပွားလေ့ရှိသည့် အမှုအခင်းများဖြစ်ပြီး အလံလွှင့်ထားသည့် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင် နေရာဟု အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့်အတွက် နိုင်ငံတကာက ယင်းအမှုများကို လက်အောက်ခံ တရားရုံးများ၌ စီရင်ပိုင်ခွင့် မပေးဘဲ တရားစီရင်ပိုင်ခွင့် အမြင့်ဆုံးဖြစ်သည့် တရားလွှတ်တော်နှင့် တရားလွှတ်တော် ချုပ်တွင်သာ တရားစီရင်ရေးဆိုင်ရာ ဥပဒေများအရ အပ်နှင်းထားကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။

''ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ (အမှတ် ၂၀/၂၀၁၀)တွင် ပင်လယ်ရေကြောင်းတွင် ဖြစ်ပွားသည့် တရားမမှု သဘောဖြစ်သည့် ငွေကြေးနဲ့ ပစ္စည်းနစ်နာမှုတွေ အတွက် ပင်လယ်ရေကြောင်းဆိုင်ရာ တရားမမှု စီရင်ပိုင်ခွင့်တွေ မပါရှိတာ တွေ့ရပါတယ်။ ထို့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အခုအချိန်အထိ ပင်လယ်ရေကြောင်း ဆိုင်ရာ တရားမမှု စီရင်ပိုင်ခွင့်နဲ့ စပ်လျဉ်းပြီး အပ်နှင်းထားခြင်း မရှိသေးတဲ့အတွက် ပင်လယ်ရေကြောင်းဆိုင်ရာ တရားမမှုတွေကို မည်သည့် တရားရုံးတွင် စွဲဆိုရမည်ဆိုသည့် ဥပဒေရေးရာ အငြင်းပွားမှုတွေ ပေါ်ပေါက်လျက် ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တရားစီရင်ရေး လမ်းကြောင်းမှာ ပင်လယ် ရေကြောင်းဆိုင်ရာ စီရင်ပိုင်ခွင့်ကို တရားစီရင်ပိုင်ခွင့် အာဏာအမြင့်ဆုံး ဖြစ်တဲ့ တရားလွှတ်တော်နဲ့ တရားရုံးချုပ်ကိုသာ အပ်နှင်းခဲ့ကြောင်း၊ ပြည်ပနိုင်ငံ များမှာလည်း အဲလိုတရားစီရင်ပိုင်ခွင့် အာဏာအမြင့်ဆုံးရှိတဲ့ တရားလွှတ်တော် အဆင့်ကို အပ်နှင်းထားတာ တွေ့ရပါတယ်'' ဟု ဗိုလ်မှူးချုပ် ခင်မောင်အေးက ဆွေးနွေးခဲ့သည်။

ပင်လယ်ရေကြောင်း ဆိုင်ရာအမှုများ တွင် မြန်မာ့ရေပြင်နှင့် လည်းကောင်း၊ နိုင်ငံတကာ ရေကြောင်းနှင့် လည်းကောင်း ဆက်စပ်ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်က အတည်ပြုပြဋ္ဌာန်းသည့် ကွန်ဗင်းရှင်း အများအပြားအနက် သက်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ စစ်ဆေးစီရင်ရသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား အဆိုပါ စီရင်ပိုင်ခွင့် အာဏာကို အပ်နှင်းနိုင်ရန်အတွက် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ အမှတ်(၂၀/၂၀၁၀)ကို လိုအပ်သလို ပြင်ဆင်သင့်သည်ဟု သဘောရကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်။

တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် ပင်လယ်ရေကြောင်းဆိုင်ရာ တရားမမှီု ရင်ပိုင်ခွင့် အာဏာနှင့် စပ်လျဉ်း၍ ပင်လယ်ရေကြောင်း ဆိုင်ရာပြစ်မှု စီရင်ပိုင်ခွင့် အာဏာအပ်နှင်းထားသည့် တရားလွှတ်တော် ချုပ်ကိုသာ အပ်နှင်းနိုင်ရန် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအမှတ်(၂၀/၂၀၁၀)ကို လိုအပ်သလို ပြင်ဆင်သည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...