Tuesday, October 22, 2013

မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ထက် ပိုမိုရရှိခဲ့

 Created on Tuesday, 22 October 2013


ပြည်ပတင်ပို့မည့် ဆန်နမူနာများအား မူဆယ်နယ်စပ် စခန်းတွင် ပြသထားစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

လယ်ယာ ထွက်ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် တင်ပို့မှုထက် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက် အထိ တန်ချိန် ၁၈ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၄၆ ဒသမ ၈၈၇ သန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာရေး နှစ်အတွင်း လယ်ယာ ထွက်ကုန်များ ပြည်ပတင်ပို့မှုမှာ စက်တင်ဘာ လကုန်အထိ ကျဆင်းနေခဲ့ပြီး အောက်တိုဘာ လအတွင်း ရောက်မှသာ ယခင်ဘဏ္ဍာရေးနှစ် ကာလတူ တင်ပို့မှုထက် ကျော်လွန် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှု မှရရှိငွေမှာ အမေရိကန်ဒေါ်လာ ၁၁၄၆ ဒသမ ၈၈၇ သန်း (တစ်ဘီလျံကျော်)ဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၆၀၆ သန်းဖြင့် အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင်ဘဏ္ဍာရေးနှစ် အလားတူ ကာလတွင် မြန်မာ့လယ်ယာ ထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၁၁၄၆ ဒသမ ၅၂၀ သန်း ဖြစ်သဖြင့် ယခုနှစ်ရရှိငွေမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၆၇ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာ ထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီ ထွက်သီးနှံ၊ ရော်ဘာ၊ ကြက်ဆူ၊ သီဟိုဠ်စသည့် နှစ်ရှည်သီးနှံ၊ သရက်သီး၊ ဖရဲသီး၊ သရက် ပြားခြောက်၊ သခွားမွှေးစသည့် သစ်သီးဝလံများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း တက်၊ ချင်းစို၊ ချင်းခြောက် စသည့် မီးဖိုချောင် သီးနှံများကို လက်ရှိဘဏ္ဍာ နှစ်အတွင်း ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

လယ်ယာထွက်ကုန် ပစ္စည်းအမျိုးအစား အလိုက် ပြည်ပတင်ပို့မှုမှ ရရှိငွေမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၅၃၈ သန်း၊ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၆၀၆ သန်း၊ ပြောင်းသီးနှံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၀၇၀ သန်း၊ ဆီထွက်သီးနှံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၅၁၈ သန်း၊ နှစ်ရှည်သီးနှံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၀၅၁ သန်း၊ သစ်သီးဝလံ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၉၀၅ သန်း၊ မီးဖိုချောင် အုပ်စုသီးနှံများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့နေသည့်အပြင် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှလည်း တင်ပို့နေကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...