Tuesday, October 22, 2013

CPI ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သော ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံမှ မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့တို့အား လျှပ်စစ်ဓာတ်အား စတင်ပေးဝေ

 Created on Tuesday, 22 October 2013


ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ နေရာကို ၂၀၁၂ ခုနှစ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- မြင့်ကိုကို)

CPI ကုမ္ပဏီ၏ ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျပ်စစ်ဓာတ်အားများကို အောက်တိုဘာ ၂၁ ရက်မှစ၍ မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့များသို့ ဓာတ်အားစတင် ပေးဝေနေကြောင်း သတင်းရရှိသည်။

ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ၃၃ ဒသမ ၃ မဂ္ဂါဝပ် စက်သုံးလုံး တပ်ဆင်ထားပြီး မဂ္ဂါဝပ် ၉၉ ဒသမ ၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ ပထမတစ်လုံးကို စတင်လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်နယ် လျှပ်စစ်မန်နေဂျာ ဦးသန်းတင့်က ''ကျွန်တော်တို့ လွှတ်ဖို့ ကြိုးစားနေတယ်။ ဓာတ်အားလိုင်း စစ်ဆေးနေတာပေါ့။ မနေ့ကတည်းက စမ်းနေတာ။ ၀ါရှောင်အလွန် လမ်းပိုင်းပြဿနာ ရှိနေလို့ပါ။ ဒီနေ့အဆင်ပြေဖို့ များပါတယ်။ လိုင်းစစ်ဆေးရေးတွေ လုပ်နေတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ၀ိုင်းမော်-မိုင်းနား ဓာတ်အားခွဲရုံမှာ စောင့်နေတာ။ လိုင်းအဆင်ပြေတာနဲ့ လျပ်စစ်လွှတ်ရုံပါပဲ'' ဟု အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်က Daily Eleven သို့ ပြောကြားသည်။

ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ''ဒီနေ့ဖြန့်ဖို့ပါ။ မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို ဖြန့်မှာပေါ့။ ပိုလျှံတာကိုတော့ မဟာဓာတ်အားလိုင်းထဲ ပေါင်းသွားမှာပါ။ ပြည်ထောင်စုအဆင့် စာချုပ်မချုပ်ဆို ရသေးဘူး။ MoU ကတော့ နေပြည်တော်မှာ ဒီလ ဒါမှမဟုတ် ရှေ့လမှာ လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနနဲ့ လက်မှတ်ထိုးဖို့ ရှိပါတယ်။ အောက်ခြေ သဘောတူပြီး လုပ်တာပါ။ တစ်ယူနစ် ဘယ်ဈေးရှိမယ် ဆိုတာလည်း မသိသေးဘူး။ စက်သုံးခုစလုံး လည်ပတ်သွားဖို့ ရှိပါတယ်'' ဟု ဆိုသည်။

ချီဖွေငယ်မှ လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးနိုင်ရန်အတွက် ချီဖွေ-၀ါရှောင်-မြစ်ဆုံ ဓာတ်အားလိုင်းမှ ခွဲထွက်ပြီး ချီဖွေ-၀ါရှောင်-၀ိုင်းမော်သို့ 132 kv ဓာတ်အားလိုင်း ဆက်သွယ်ထားပြီး ၀ိုင်းမော်မြို့တွင် 132/66 kv ဓာတ်အားခွဲ တည်ဆောက်ထားကာ မြစ်ကြီးနားမြို့တွင် 66/11 kv ဓာတ်အားခွဲ စက်ရုံကို တည်ဆောက်ထားပြီး ဖြစ်သည်။

ချီဖွေငယ်မှ လျှပ်စစ်ဓာတ်အားကို မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့တို့တွင် ကေအိုင်အေပိုင် ဘူးဂါးကုမ္ပဏီမှ ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိုးကောင်းမြို့တွင် မဟာဓာတ်အားလိုင်းသို့ ပေါင်းဆုံသွားမည် ဖြစ်သည်။

ဘူးဂါးကုမ္ပဏီ ဖြန့်ဖြူးရေး မန်နေဂျာ ဦးလအောင်က ''ဘယ်ဈေးနဲ့ ၀ယ်ရမယ်ဆိုတာ မသိသေးဘူး။ ဘယ်ဈေးနဲ့ ဖြန့်ရမှာလဲ မသိသေးဘူး။ ပြည်နယ်အစိုးရက ဓာတ်အား ရောက်လာရင် ဖြန့်ဖြူးပေးပါလို့ ညွှန်ကြားထားတယ်။ ၂၅ ရက် မတိုင်မီ လာမယ်လို့ အကြောင်းကြားထားတယ်။ ရန်ကြီးအောင် ဓာတ်အားခွဲစက်ရုံကို ၀င်မှာပါ။ ဓာတ်အား အပြည့်နဲ့ နောက်ထပ် ဓာတ်အားလိုင်း တိုးချဲ့ရင် ၀န်ထမ်းတွေ ပြန်လိုမှာပေါ့။ လိုတဲ့ဓာတ်အား ရောက်လာတော့ ၀မ်းသာပါတယ်'' ဟု ဆိုသည်။

CPI ကုမ္ပဏီသည် ၎င်းရေအားလျှပ်စစ် ဓာတ်အားကို မြစ်ဆုံစီမံကိန်းတွင် သုံးရန် ဆည်ခုနစ်ခုအနက် ပထမဆုံး တည်ဆောက်ခဲ့သော ဆည်ဖြစ်သည်။ ၎င်းဓာတ်အားပေး စက်ရုံသည် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြင်းထန်နေချိန် ၂၀၁၂ ခုနှစ်အတွင်း စက်ရုံအတွင်းပိုင်း အစိတ်အပိုင်း အချို့နှင့် ဓာတ်အားလိုင်းများ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့များသို့ ကေအိုင်အေပိုင် မလိရေအားလျှပ်စစ်ရုံမှ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး နှစ်မြို့ပေါင်း ၁၅ မဂ္ဂါဝပ် လိုအပ်သော်လည်း ယင်းစက်ရုံမှ ၁၀ မဂ္ဂါဝပ်သာ ရရှိသောကြောင့် လိုအပ်သော ငါးမဂ္ဂါဝပ်ကို အလှည့်ကျ စနစ်ဖြင့် ထောက်ပံ့နေရသည်။ ကချင်ပြည်နယ်တွင် ပူတာအိုခရိုင်နှင့် တနိုင်း၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စသည့်မြို့နယ်များမှာ လျှပ်စစ်ဓာတ်အား မရရှိသေးပေ။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...