Tuesday, October 22, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 Created on Tuesday, 22 October 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်သို့ ရောက်ရှိစဉ် (Photo:AFP)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် လက်ရှိအစိုးရအပေါ် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဖိအားပေးရန် လိုအပ်ကြောင်း Luxembourg နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ်အပြင် တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မှုသည် အခြေခံဥပဒေပေါ်တွင် မူတည်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲ မှုတွေကို ဖော်ဆောင်ခဲ့ပြီးပါပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် လက်ရှိအာဏာရ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ မလိုလားတဲ့ အဓိပ္ပာယ်ပါပဲ။ ဥရောပသမဂ္ဂ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြတ်ပြတ်သားသား ထောက်ခံဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း မရှိပါက တိုင်းရင်းသား ပဋိပက္ခများအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ သို့သော်လည်း လက်ရှိအစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုများ မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိရန် လိုအပ်သော်လည်း လက်ရှိတွင် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းအား တပ်မတော်မှ ရရှိထား ပြီး လစ်လပ်နေရာများကြောင့် အရပ်သား အမတ်ဦးရေသည် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်း မရှိကြောင်း သိရသည်။ ''ဒီနေရာမှာ နည်းနည်းတော့ မူမမှန်ပါဘူး။ ကောင်းမွန်တဲ့ အရာလည်း မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်ပြုလုပ်ရန် ဖိအားပေးဖို့ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ''နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်နေတဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အစိုးရအပေါ် ရှုမြင်ပုံဟာ အရေးကြီးပါတယ်'' ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Luxembourg တွင်ရောက်ရှိနေသည့် EU နိုင်ငံခြားရေး ၀န်ကြီးများနှင့် နေ့လယ်စာ အတူစားခဲ့ပြီးနောက် လွန်ခဲ့သည့် ၂၃ နှစ်ခန့်က ၎င်းအား ချီးမြှင့်ခဲ့သည့် EU ၏ Sakharov လူ့အခွင့်အရေးဆု လက်ခံရယူရန် Strasbourg သို့ ဆက်လက် ထွက်ခွာခဲ့သည်။
EMG
Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...