Sunday, December 8, 2013

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်ရွာပေါင်း ၁၃ ရွာမှ လူဦးရေ ၁၃၀၀၀ ကျော် ဒုက္ခသည်အဖြစ် ထွက်ပြေးနေရ

 Sunday, 08 December 2013


မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဇရပ်တစ်ခုတွင် ရွှေ့ပြောင်းခိုလှုံလာသူများကို နိုဝင်ဘာလကုန်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းလင်းအောင်)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းတွင် အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ရွာပေါင်း ၁၃ ရွာမှ လူဦးရေ ၁၃၀၀၀ ကျော်ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရသည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်က ပြောကြားသည်။

ကချင်စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသအခြေစိုက် ၀မ်ပေါင်နိမ်ထွဲ ခေါ် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့က ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ မန်စီမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" တိုက်ပွဲအကြိမ်ရေ ဘယ်လောက်ဖြစ်သလဲဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေတာမို့လို့ပါ။ လူဦးရေ ၁၃၀၀၀ ကျော်ဆိုတာကတော့ အောက်တိုဘာလ နှောင်းပိုင်းမှာ ထွက်ပြေးသွားတဲ့ ရွာအားလုံးရဲ့လူဦးရေကို ခန့်မှန်းထားတာပါ။ ဘယ်ရွာမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုပြီး ခန့်မှန်းထားတာပါ။
တချို့ကတော့ ပြန်လာပြီး တောင်ယာတဲလေးတွေမှာ သွားနေနေတာတွေလည်း ရှိပါတယ်"ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြား သည်။

အဆိုပါတိုက်ပွဲများမှာ အစိုးရစစ်တပ်ဘက်မှ အောက်တိုဘာနှောင်းပိုင်းအတွင်း သစ်ခိုးထုတ်ခြင်းများကို လိုက်လံဖမ်းဆီးရာမှ စတင်ခြင်းဖြစ်သည်ဟု အစိုးရဘက်မှ ပြောကြားထားပြီး ကချင်ငြိမ်းချမ်းရေးကွန်ရက်ကမူ မန်စီမြို့နယ်အတွင်း၌ ခိုးထုတ်စရာသစ်များမရှိတော့ဘဲ စစ်ကိုင်း၊ မန္တလေးဘက်မှ တက်လာသည့် သစ်များသာဖြစ်ကြောင်း ရှင်းလင်းသည်။ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် မန္တလေး- ဗန်းမော် မီးရထားလမ်းသို့ တရုတ်နိုင်ငံဘက်မှ ရထားလမ်းလာရောက်ဆက်သွယ်သည့်လမ်းကြောင်း တစ်လျှောက်ဖြစ်နေခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိလည်း အဆိုပါလမ်းကြောင်း အတိုင်းသာဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေါ်ခွန်ဂျာက ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတို့အကြား ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာမှ လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့၏ တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၁၀၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့်ပင် အစိုးရထိန်းချုပ်နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော်အစရှိသော မြို့များတွင်လည်း စစ်ပြေးဒုက္ခသည်စခန်းများပေါ်ပေါက်ခဲ့ပြီး ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရမူ ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၂၀၀၀၀၀ ကျော်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...