Sunday, December 8, 2013

တွံတေးမြို့အ၀င် ပန်းလှိုင်တံတားအဆင်း မြေကွက်များပေါ် ၀င်ရောက်ခြံခတ် သူများနှင့် ဒေသခံ ခြံပိုင်ရှင်များ တစ်ဖက်နှင့်တစ်ဖက် တင်းမာမှု အရှိန်မြင့်တက်

Sunday, 08 December 2013



ပန်းလှိုင်မြစ်ကူးတံတားအနီး မြေနုကျွန်းမြေကွက်များပေါ် ကျူးကျော်သူများ ခြံခတ်နေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့အ၀င် ပန်လှိုင်မြစ်ကူးတံတား အဆင်းရှိ မြေကွက်များ၊ မြေနုကျွန်းများပေါ် ၀င်ရောက်ခြံခတ် နေသူများနှင့် ဒေသခံ ခြံပိုင်ရှင်များ တစ်ဖက်နှင့်တစ်ဖက် တင်းမာမှု ဒီဇင်ဘာ ၅ ရက်မှစပြီး အရှိန်မြင့်တက်လျက်ရှိကြောင်း အဆိုပါ ခြံမြေများပေါ် ကျူးကျော်နေသူများ၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ယင်းမြေများပေါ် ခြံခတ်နေထိုင် သူများ၏ အပြောအရ ဒေသခံ ပိုင်ရှင်ဆိုသူတို့ စေလွှတ်လိုက်သော လက်နက်အချို့ ကိုင်ဆောင်ထားသည့် လူ ၂၀ ခန့်တို့ အပြန်အလှန် စကားများခဲ့ကြပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၀င်ရောက်ဟန့်တားခြင်း မရှိကြောင်း၊ လက်ရှိတွင် ခြံခတ်နေထိုင် သူများမှာ အိမ်ထောင်စု ၃၀၀၀ ခန့်ရှိကြောင်း ကျူးကျော်ခြံခတ် နေထိုင်သူများကိုယ်စား ဦးကျော်ထက်နိုင်က ဆိုသည်။

"အခု ခြံခတ်နေတဲ့ ပြည်သူတွေက နာဂစ်တုန်းက နေစရာမရှိလို့ ဧရာဝတီတိုင်းဘက်ကနေ ဒီကိုပြောင်းလာပြီး လမ်းဘေးတွေမှာ တဲတွေဆောက်ပြီး နေကြတဲ့ သူတွေပါ။ ဆီးဂိမ်းစ်နီးလာလို့ဆိုပြီး အဲဒီနေရာတွေကနေ ပြောင်းခိုင်းတော့ ဒီနေရာတွေကို ရောက်လာတာပါ။ နေစရာမရှိတဲ့ ပြည်သူတွေကို ဘယ်သူတွေက တာဝန်ယူပေးမှာလဲ" ဟု ဦးကျော်ထက်နိုင်က ဆိုသည်။

ယင်းသို့ အပြန်အလှန် စကားများနေကြစဉ် လူ ၂၀ ဦးအဖွဲ့မှ လူတစ်ယောက်သည် ခေါင်းဆောင်ဖြစ်သူနှင့် တွေ့လိုကြောင်းပြောရာ တစ်ဖက်လူအုပ်ကြီးမှ ခေါင်းဆောင်မရှိကြောင်း၊ လက်ရှိ ဦးကျော်ထက်နိုင်ကိုလည်း ထုတ်မပေးနိုင်ကြောင်း ပြောကြားသည်။

"အခု ပြဿနာဖြစ်တဲ့ မြေတွေကို ဦးသာဆိုင်ဆိုတဲ့ လူတစ်ယောက် ပိုင်တယ်လို့ သိရတယ်။ ဒီလူတွေစပြီး ခြံတွေလာခတ်ကြတာ ဒီဇင်ဘာ ၁ ရက် ကတည်းကပါ။ ဦးသာဆိုင်ရဲ့ အမျိုးတွေ၊ သမီးဖြစ်သူတွေနဲ့လည်း အရင်နေ့တွေက ပြဿာနာတွေ တက်ကြသေးတယ်" ဟု ပန်းလှိုင်တံတားနှင့် ရေကျော်ကျေးရွာကြားရှိ ဒေသခံ ခြံပိုင်ရှင် တစ်ဦးက ဆိုသည်။

အဆိုပါ ပန်းလှိုင်တံတား အနီးတွင် ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ ရဲကင်းတစ်ခုရှိပြီး ရဲတပ်သားအင်အား ခြောက်ဦးခန့်ရှိပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်အချို့ ရှိနေသည်ကို တွေ့ရသည်။

"ကျွန်တော့်မြေတွေက အခု ၈၇ ဧကလောက် ကျယ်ပါတယ်။ သူကြီးစားမြေဆိုပြီး ဟိုးခေတ်တွေကနေ ဘိုးဘွားအဆက်ဆက်က ပိုင်ဆိုင်လာတဲ့ မြေတွေပါ။ ဒီမြေတွေပေါ်မှာ အုန်းပင် ၂၀၀ လောက် စိုက်ထားပါတယ်။ လူများစုက လူနည်းစုကို လာပြီးကျူးကျော်တာ မဖြစ်သင့်ပါဘူး" ဟု ယင်းမြေကွက်များကို ပိုင်ဆိုင်သော ပဒန်ရေကျော်ကျေးရွာမှ ဦးသာဆိုင် ဆိုသူက ဒီဇင်ဘာ ၅ ရက်တွင် ဆိုသည်။

ယခု အငြင်းပွား တင်းမာနေသော မြေကွက်များမှာ တွံတေးဘေးအခြမ်း ကွင်းအမှတ် ၁၅၃/ဘီ၊ ၀ဲပြန်ကွင်းရှိ ဦးပိုင်အမှတ် (၈၅)၊ (၈၆)နှင့် ဦးပိုင်အမှတ် N - 26 တို့ဖြစ်ပြီး ယင်းမြေကွက်များမှာ စက်မှုဇုန်ဆောက်ရန် ခွင့်ပြုချက် ရထားပြီး မြေများဖြစ်ကြောင်း ဦးသာဆိုင်က ဆိုသည်။

"ကျွန်တော်တို့ကို အထက်က တံတားလုံခြုံရေး အတွက်ပဲ ပြောထားတာ။ ကျန်တာဘာမှ မှာမထားဘူး။ ဘယ်လိုဆောင်ရွက် နေလဲဆိုရင် အထက်အရာရှိတွေပဲ သိပါတယ်" ဟု ပန်းလှိုင်တံတားအနီး ရဲကင်းမှ တာဝန်ကျ ရဲတပ်သား တစ်ဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...