Sunday, December 8, 2013

BMW ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်



Sunday, 08 December 2013


ကနေဒါနိုင်ငံရှိ BMW ၏ မော်တော်ယာဉ် အရောင်းပြခန်းကို တွေ့ရစဉ် (devitt-forand.com)

ဂျာမနီအခြေစိုက် BMW ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Prestige Auto-mobiles Co.,Ltd မှ သိရသည်။

Octagon International Service ကုမ္ပဏီမှ Public Relation ဒေါ်စန်းစန်းမြင့်က" BMW ကားကုမ္ပဏီရဲ့ S3 စင်တာကို ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ BMW ကုမ္ပဏီက တိုက်ရိုက်တင်သွင်းပြီး မြန်မာနိုင်ငံမှာ BMW ကားတွေကို ရောင်းချမှာပါ" ဟု ပြောကြားသည်။

Prestige Automobiles Co.,Ltd သည် BMW ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားအဖြစ် တင်သွင်းဖြန့်ချိ ရောင်းချရန် BMW ကုမ္ပဏီနှင့် သဘောတူညီမှု ရရှိထားပြီး BMW Group ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းအညီ BMW Car Show Room နှင့် အဆင့်မီ Tools & Equipment များအသုံးပြု၍ ၀န်ဆောင်မှုပေးမည့် Workshop စသည်တို့ကို BMW ၏ နည်းပညာအတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

"Prestige Automobiles Co., Ltd က BMW ရဲ့ အရည်အသွေးပြည့်မီသော နောက်ဆုံးပေါ် ကားသစ်များ၊ အဆင့်မြင့် ၀န်ဆောင်မှုတွေနဲ့ ကားသုံးစွဲသူတွေကို BMW ရဲ့ 'Sheer Driving Pleasure' ကို အကောင်းဆုံး ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု BMW Group Asia ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Neil Fiorentinos က ပြောကြားသည်။

BMW ကုမ္ပဏီသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် အခြေစိုက်ပြီး ၁၉၁၆ ခုနှစ် မတ်တွင် စတင်တည်ထောင်ခဲ့သည်။ BMW ကုမ္ပဏီသည် ဇိမ်ခံကားများ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ ထုတ်လုပ်လျှက်ရှိသည်။ BMW ကုမ္ပဏီ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၈သန်းကျော် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကျော်ကြားသည့် မော်တော်ယာဉ် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ BMW ကားများကို တင်သွင်းဖြန့်ချိခွင့် ရရှိသော Prestige Automobiles Co., Ltd သည် Octagon International Service ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...