Sunday, December 8, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ၌ မြန်မာဘက်က တိုက်တွန်း

  Sunday, 08 December 2013


တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်တွင် ပြုလုပ်သော တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု(ရွှေလီ) ဆွေးနွေးပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည် ဖော်လျှက်ရှိရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည်လည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်ကြောင်း၊ မကြာမီတွင် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းဖောက်လုပ်ရန် အစီအစဉ်ရှိသဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်တွင် ဒီဇင်ဘာ ၇ ရက်က ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု (ရွှေလီ) ဆွေးနွေးဖလှယ်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

" ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းပါဝင်မှာ ဖြစ်ပြီးတော့ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့အထိကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းထားရှိပြီး ဖြစ်ပါတယ်။ မကြာခင်မှာ ရထားလမ်းလည်း ဖောက်လုပ်ဖို့ အစီအစဉ်အတွက်ကြောင့်မို့လို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ အထူးစဉ်းစား ဆောင်ရွက်သင့်တဲ့ အထူးစီးပွားရေး ဇုန်တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် မြန်မာနိုင်ငံအတွက် အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတွင်လည်း မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။

"လက်ရှိအချိန်တွင် နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများ ပြည့်စုံကောင်းမွန်ရေးအတွက် စီမံကိန်းများချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျှက်ရှိသော နိုင်ငံလည်း ဖြစ်ပါတယ်။ သို့ပါ၍ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန် အကောင်းဆုံးအချိန် ဖြစ်ပါကြောင်း ဖိတ်ခေါ် ပြောကြားလိုပါတယ်"ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆိုပါ စီမံကိန်းနှင့် ပတ်သက်သည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ လျော်ကြေးငွေ အကျေအလည် မရရှိမှု ပြဿနာများ ပိုက်လိုင်းသွယ်တန်းရာ တစ်လျှောက်ရှိ ဒေသခံများအကြား ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ စီမံကိန်း ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းမှု ရှိသော်လည်း လွှတ်တော်နှင့် ပြည်သူလူထုသို့ ချပြပြီးမှသာ ဆောင်ရွက်ရန် သင့်မသင့် စဉ်းစားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...