Wednesday, January 15, 2014

ထိုင်းဆန္ဒပြသူများက ၀န်ကြီးဌာနများကို ပိတ်ဆို့ရန် ပစ်မှတ်ထားပြီး စတော့အိတ်ချိန်းကိုလည်း ခြိမ်းခြောက်နေ

Wednesday, January 15, 2014



အဆိုကေးလမ်းဆုံတွင် ပိတ်ဆို့မှုပြုလုပ်ကာ တစ်ညလုံးအိပ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၄ ရက် နံနက်၌ ပြန်နိုးလာသည့် ဆန္ဒပြသူများ (Photo:AFP)


ထိုင်းအစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဆန္ဒပြသူများသည် ဇန်န၀ါရီ ၁၄ ရက်တွင် ၀န်ကြီးဌာနများတစ်ဝိုက် ပိတ်ဆို့မှုကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့ပြီး သဘောထားတင်းမာသော အုပ်စုတစ်စုက စတော့အိတ်ချိန်း အဆောက်အအုံကို ၀င်ရောက်စီးနင်းမည်ဟု ခြိမ်းခြောက်ထားသည်။ ဘန်ကောက်မြို့ရှိ အဓိကလမ်းဆုံများကိုလည်း ဆန္ဒပြသူများက ပိတ်ဆို့ထားလျက်ပင် ရှိသေးသည်။

ဘန်ကောက်မြို့အခြေစိုက် လူလတ်တန်းလွှာများနှင့် ဘုရင်အပေါ် သစ္စာရှိသူများက ပိုမိုဆင်းရဲသူများနှင့် ကျေးလက်နေပြည်သူ အများစုပါဝင်သော ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာနှင့် သူ၏အစ်ကို သက်ဆင်ရှင်နာဝပ်ထရာတို့ကို ထောက်ခံသူများအား ဆန့်ကျင်သည့် ရှစ်နှစ်ကြာ ပဋိပက္ခအတွင်း ယခုမငြိမ်မသက်မှုများက နောက်ဆုံးပေါ် အခန်းကဏ္ဍတစ်ရပ် ဖြစ်လာသည်။

ဆူသက်သောင်ဆူဘန် ဦးဆောင်သော ဆန္ဒပြသူများက အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်မှုကို တားဆီးရပ်တန့်စေခဲ့ပြီးနောက် ၀န်ကြီးဌာန အများအပြားနှင့် ဗဟိုဘဏ်တို့ကို အရန်ရုံးများမှနေ၍ အလုပ်လုပ်ကြရန် အစိုးရက အတင်းအဓမ္မ အမိန့်ပေးထားသည်ဟုဆိုသည်။

“ကျွန်တော်တို့ အစိုးရ အဆောက်အအုံတွေကို ၀န်းရံထားပြီး မနက်ခင်းမှာတင် ရုံးပိတ်သွားအောင်နဲ့ မွန်းလွဲပိုင်းမှာ အကုန်ထွက်သွားအောင် လုပ်ရမယ်” ဟု ဆူသက်က သူ့အားထောက်ခံသူများကို ဇန်န၀ါရီ ၁၃ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ သူက ယင်လက်နုတ်ထွက်သွားသည်အထိ ယင်းကဲ့သို့ နေ့တိုင်းလုပ်ဆောင်ရမည်ဟု တိုက်တွန်းထားသည်။ ဆန္ဒပြသူများသည် အစိုးရအဖွဲ့၏လုပ်ငန်းများ ချည့်နဲ့ရပ်ဆိုင်းသွားစေရန် ရည်ရွယ်လျက် ဇန်န၀ါရီ ၁၄ ရက်တွင် ၎င်းတို့နေရာယူထားသော သပိတ်စခန်းကြီး ခုနစ်ခုမှနေ၍ ၀န်ကြီးဌာနများ၊ အကောက်ခွန်ရုံးများ၊ စီမံကိန်းအဖွဲ့ ဌာနများနှင့် အခြားအစိုးရ အဆောက်အအုံများဆီသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။

ဆူသက်၏ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) နှင့် ပူးပေါင်းခဲ့သော ကျောင်းသားအဖွဲ့တစ်ဖွဲ့က စတော့အိတ်ချိန်း အဆောက်အအုံကို ၀င်ရောက်စီးနင်းမည်ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့၏ခေါင်းဆောင် နီတီသွန်းလမ်လွာက စတော့အိတ်ချိန်း အဆောက်အအုံသည် သက်ဆင်ကို ဘီလျံနာဖြစ်လာအောင် ကူညီပေးခဲသည့် အကောက်ကျစ်ဆုံး အရင်းရှင်စနစ်တစ်ရပ် ဖြစ်သည်ဟု ဇန်န၀ါရီ ၁၃ ရက်တွင် သူ့အားထောက်ခံသူများကို ပြောကြားခဲ့သည်။ သို့သော် PDRC မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စတော့အိတ်ချိန်း အဆောက်အအုံသည် ၎င်းတို့၏ ပစ်မှတ်ထားသည့်အထဲတွင် ပါဝင်ခြင်းမရှိဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ အထွေထွေ ပြည်သူတွေနဲ့ဆိုင်တဲ့ ဌာနတွေကို သိမ်းပိုက်သွားမှာ မဟုတ်ပါဘူး။ အဲဒီလို ဌာနတွေထဲမှာ လေဆိပ်တွေ၊ စတော့အိတ်ချိန်းနဲ့ မီးရထားတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အစိုးရရုံးတွေကိုတော့ အလုပ်မလုပ်နိုင်အောင် ပိတ်ဆို့သွားမှာပါ” ဟု PDRC မှာ ပြောရေးဆိုခွင့်ရှိသူ အကာနက်ပရွမ်ဖန်က ဆန္ဒပြပွဲအတွင်း ထောက်ခံသူများကို ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...