Wednesday, January 15, 2014

တဖြည်းဖြည်းနဲ့သေစေနိုင်တဲ့အဆိပ်


ရှေး ဟန်မင်းဆက်ခေတ်မှာ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။သူဟာ တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီးတော့ ကောင်လေးအိမ်မှာလိုက်နေပါတယ်။ကောင်လေးမှာလဲ အမေတစ်ယောက်ထဲရှိတော့တာမို့ ကောင်မလေးက ပြုစုရတာပေါ့။အဲဒီမှာပဲ ယောက္ခမနဲ့ ချွေးမဇတ်လမ်းစတော့တယ်။တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအပြစ်တင်နေပြီးတော့ စကားတွေလဲများကြတာပေါ့။ချွေးမကတော့ အဘွားကြီးက ငါ့ကိုခိုင်းစားနေတယ်လို့ထင်တာပေါ့လေ(တရုတ်ရိုးရာဓလေ့အရ ချွေးမတွေက ယောက္ခမတွေလိုချင်တာတွေကို လိုက်လုပ်ပေးရပါတယ်)

အဲဒီလိုနဲ့ နေ့တွေကနေ ရန်ဖြစ်ပြီးနေလာလိုက်တာ နှစ်နဲ့ချီလာတဲ့အချိန်မှာ တဟ်ယောက်နဲ့တစ်ယောက်ဟာ ရန်သူတွေသဖွယ်ဖြစ်သွားပါတယ်။အပြင်ကတော့ တည့်ချင်ယောင်ဆိုပေမယ့် အတွင်းစိတ်ထဲမှာတော့ အချင်းချင်း မကြည်ကြပါဘူး။တစ်နေ့တော့ လီလီဟာ မခံမရပ်နိုင်ဖြစ်လွန်းလို့ တစ်ခုခုလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

လီလီဟာ မြို့ထဲက ဆေးဆရာကြီး ဟောင် ဆီသွားတယ်။ဟောင် ဆရာကြီးက သူ့အဖေနဲ့ ရင်းနှီးတဲ့သူဖြစ်တယ်။လီလီက အဖြစ်အပျက်တွေကို ရှင်းပြပြီးတော့ ဆေးဆရာကြီးဆီကို အကူအညီတောင်းတယ်။ဆေးဆရာကြီးကလဲ နင့်ကိုကူညီမယ်လို့ပြောပြီးတော့ အိမ်ခန်းထဲဝင်သွားတယ်။ပြန်ထွက်လာတော့ ဆေးရွက်တွေ အထုပ်နဲ့တစ်ထုပ်စာယူလာတယ်။
လီလီကိုဆေးရွက်တွေပေးပြိးတော့ "ဒီဆေးရွက်တွေက သာမန်ဆေးရွက်တွေမဟုတ်ဘူး။အဆိပ်တွေ။ နင်နင့်ယောက္ခမကို ချက်ချင်းသေစေမယ့် အဆိပ်တွေတိုက်လိုက်ရင် နင့်ကိုသံသယ ဖြစ်ကုန်မယ်။ဒါကြောင့် ဒီဆေးရွက်တွေကိုတိုက် ဒီဆေးရွက်တွေက တဖြည်းဖြည်းချင်းနဲ့ သူ့ကိုသေစေလိမ့်မယ်"

လီလီလဲ ပျော်သွားတယ်။ဆေးဆရာကြီးက မှာလိုက်သေးတယ် " ဒီဆေးတွေကို သူအစာစားတိုင်း အသားဟင်းတွေထဲမှာ ထည့်ချက်၊ပြီးတော့ သူနဲ့ခင်မင်အောင်နေ။ရန်ဖြစ်နေရင် သူရိပ်မိသွားနိုင်တယ်။သူလိုချင်တာအားလုံးနင်ကလုပ်ပေးလိုက် သူမသေခင် သူ့ကို ဘုရင်မကြီးလိုဆက်ဆံပါ"

လီလီလဲ ဆေးတွေယူပြီးပြန်သွားတယ်။နှစ်လလောက်ကြာတော့ ဆေးဆရာကြီးဆီပြန်ရောက်လာတယ်။မျက်နှာကလဲ ပြုံးပျော်လို့ပေါ့။ဆေးဆရာကြီးက အပေါက်ဝကနေ ဆီးမေးလိုက်တယ် "နင့်ယောက္ခမ သေပြီလား" လီလီက ခေါင်းခါပြတယ်။

ဆေးဆရာကြီးက " ဒါဆိုဆေးရွက်လာထပ်ယူတာလား"
လီလီက ခေါင်းခါပြန်တယ်။ပြီးတော့မှ ကျွန်မယောက္ခမကို သတ်စရာမလိုတော့ဘူး ကျွန်မတို့ပြေလည်သွားကြပြီတဲ့။
ဆေးဆရာကြီးက ပြုံးပြီးခေါင်းညိတ်လိုက်တယ်။လီလီကို ဒီလိုဖြစ်အောင်သူလုပ်လိုက်တယ်။အားဆေးရွက်တွေပေးလိုက်ပြိးတော့ အဆိပ်ဆိုပြီးနေ့တိုင်းတိုက်ခိုင်းတယ်။တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်နဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နေထိုင်ကြရင် ဆက်ဆံရေးကောင်းလာမယ်ဆိုတာကို ရိပ်စားမိလို့ ဒီလိုမျိုးပြုလုပ်ခိုင်းလိုက်တာပဲ။လီလီလဲ ဆရာကြီးကို ကန်တော့ပြီးတော့ ပြန်သွားလေတယ်။

မောင်စိုင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...