Wednesday, January 15, 2014

ပန်းလှိုင်တံတားအဆင်းနှင့် လှိုင်သာယာ တွံတေးလမ်းမပေါ်ရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဇန်န၀ါရီ ၁၄ ရက် နံနက်စောပိုင်းက သက်ဆိုင်ရာမှ ဖယ်ရှားခဲ့

Wednesday, January 15, 2014


သက်မင်း

လှိုင်သာယာ-တွံတေးလမ်းမပေါ်ရှိ ကျူးကျော်တဲများအား ဇန်န၀ါရီ ၁၄ ရက် နံနက်စောပိုင်းက သက်ဆိုင်ရာမှ ၀င်ရောက်ဖယ်ရှားနေစဉ်


လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်ကို ဆက်သွယ်ထားသော ပန်းလှိုင်တံတားအဆင်း (တွံတေးဘက်ခြမ်း) နှင့် လှိုင်သာယာ-တွံတေးလမ်းမပေါ်ရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဇန်န၀ါရီ ၁၄ ရက် နံနက်စောပိုင်းတွင် သက်ဆိုင်ရာက ဖယ်ရှားခဲ့ကြောင်း သိရသည်။

ယင်းသို့ဖယ်ရှားရာတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မူလနေထိုင်သူ ဒေသခံရွာသားများလည်း ပါဝင်ကြောင်း မျက်မြင်တွေ့ရှိသည့် ကျူးကျော်နေထိုင်သူများက ပြောကြားခဲ့ပြီး ပန်းလှိုင်တံတားအဆင်းမှ ကျူးကျော်တဲများကို နံနက် ၁ နာရီခန့်က ဖယ်ရှားခဲ့ပြီး လှိုင်သာယာ-တွံတေးလမ်းမပေါ်ရှိ ကျူးကျော်တဲများကို နံနက် ၃ နာရီခန့်က ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နေအိမ်များကို ဖျက်သိမ်းဖယ်ရှားရာတွင် မဖယ်ရှားခင် အသံချဲ့စက်ဖြင့် ချက်ချင်းပြောင်းရွှေ့ရန် သတိပေးခဲ့ပြီးမှ နေအိမ်များကို ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ သစ်တော၊ ဆောက်လုပ်ရေး စသောသက်ဆိုင်ရာဌာနများမှ လူ ၁၀၀ ခန့်ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်တစ်နာရီလောက်ကနေပြီး လူတွေအများကြီးနဲ့ လာဖျက်သွားတာ။ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းလေးတွေကိုတောင် ဖျက်သွားကြတယ်။ ကျွန်မတို့ကတော့ ရှိစုမဲ့စုလေးတွေ ထုခွဲရောင်းချပြီး ဒီမှာအိမ်လာဆောက်နေရတာဆိုတော့ ဘယ်မှလဲသွားစရာ မရှိတာနဲ့ ပြန်ဆောက်ပြီး ပြန်နေရဦးမယ် ထင်ပါတယ်” ဟု ပန်းလှိုင်တံတားအဆင်း၌ ကျူးကျော်နေထိုင်သူ ဒေါ်သူဇာက ပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ ကျူးကျော်နေထိုင်သူများကို မြေနေရာပေးပြီး အိမ်ထောင်စုစာရင်း ပြုလုပ်ပေးသည်ဟုဆိုကာ တစ်အိမ်ကျပ်တစ်သောင်းနှုန်းဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကျော်ထက်နိုင်ဆိုသူထံ ပေးချေခဲ့ရပြီး ထိုသူက နေထိုင်နိုင်ရန်အတွက် ကျူးကျော်များကို အာမခံပြောကြားခဲ့ကြောင်း ကျူးကျော်နေထိုင်သူများထံမှ ပြန်လည်သိရသည်။

“အခုလို ဖျက်ခံရတဲ့ အချိန်မှာတော့ အဲဒီလူ (ကျော်ထက်နိုင်) လည်း ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ မနေ့ကညကတည်းက ဖျက်မယ်လို့ အသံတွေကြားပြီးကတည်းက မတွေ့တော့တာ။ ကျွန်မတို့ကလည်း လူများတွေလည်းနေတော့ လိုက်နေတာပါ။ ရှိစုမဲ့စုလေးတွေစုပြီး ပြောင်းလာပြီး အခုအိမ်ဆောက်တာတောင် နှစ်သိန်းဖိုးလောက် ကုန်သွားတယ်။ ဘယ်ပြောင်းရမှန်းလည်း မသိတော့ဘူး။ ပိုက်ဆံတစ်သောင်း ပေးလိုက်ရတဲ့ အိမ်တွေကတော့ အိမ်နှစ်ရာလောက် ရှိမယ်ထင်တယ်” ဟု ကျူးကျော်နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ တစ်အိမ်တစ်သောင်းနှုန်း ပေးရခြင်းအပြင် ယခုဖျက်သိမ်းခံလိုက်ရသည့် ကျူးကျော်အိမ်များမှာ လှိုင်သာယာ-တွံတေးလမ်းမပေါ်တွင် တစ်ကွက်လျှင် အနည်းဆုံး ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေါက်ဈေးရှိနေပြီး ပွဲစားဆိုသူများထံမှ အကွက်ရိုက် လက်လွှဲရောင်းချခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

“ကျွန်မတို့က တခြားရပ်ကွက်တွေမှာနေတဲ့ ကျူးကျော်တွေလည်း ဒီလိုပဲ မြဲနေကြတော့ ကိုယ်လည်းရမယ်ထင်ပြီး လာနေလိုက်တာ။ လမ်းမဘေး အကွက်ကလေးကလည်းကောင်းပြီး လုပ်ကိုင်စားသောက်လို့ ရနိုင်တော့ ငါးသိန်းနဲ့ ၀ယ်လိုက်တာ အခုတော့လည်း ဘ၀တွေပျက်တာပဲ” ဟု လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ နေအိမ်ဖျက်သိမ်းခံရသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ကျူးကျော်နေအိမ်များကို ဖယ်ရှားမှုနှင့် စပ်လျဉ်း၍ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က “ကျွန်တော်တို့ အရင်ဆုံး အသိပေး အကြောင်းကြားမှုတွေ ပြုလုပ်ပြီးမှ ဖျက်သိမ်းတာပါ။ မဖျက်သိမ်းခင်ကတောင် လော်စပီကာတွေနဲ့ အကြောင်းကြားခဲ့ ပါသေးတယ်။ ဖျက်သိမ်းတဲ့အချိန်မှာ ဒဏ်ရာရတာတွေ၊ ရန်ဖြစ်တာတွေတော့ မရှိပါဘူး။ ကျူးကျော်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ သူတွေကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးသွားမယ် ထင်ပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် ကျူးကျော်များ ဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ပျက်စီးစေမှုများဖြင့် ဦးဆောင်သူ ကျော်ထက်နိုင် အပါအ၀င် ခြောက်ဦးကို တွံတေးရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...