Wednesday, January 15, 2014

ဆေးဆိုင်အများစုတွင် အရေးပေါ် သန္ဓေတားဆေးများကို အကန့်အသတ်မရှိ ရောင်းချနေကြောင်း စစ်တမ်းအရသိရ

Wednesday, January 15, 2014


အိသဉ္ဇာကျော်၊ထွယ်ဆန်အောင်
ဈေးကွက်အတွင်း ရောင်းချနေသည့် အရေးပေါ် သန္ဓေတားဆေးအချို့အား တွေ့ရစဉ်


ဆေးဆိုင်အများစုတွင် အရေးပေါ် သန္ဓေတားဆေးများကို အကန့်အသတ်မရှိ ရောင်းချမှုများ ရှိနေကြောင်း ကျန်းမာရေး ဦးစီးဌာနနှင့် ဆေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းသုတေသန ပြုလုပ်ထားသည့် အချက်အလက်များအရ သိရသည်။

သုတေသနကို ၂၀၁၂ ခုနှစ် သြဂုတ်မှ ၂၀၁၃ ခုနှစ် ဇူလိုင်အထိ ဆေးရောင်းချသူ ၆၇ ဦးအား မေးခွန်းလွှာနှင့် မျက်နှာချင်းဆိုင် မေးမြန်းခြင်း၊ ၀ိုင်းဖွဲ့ဆွေးနွေးခြင်း၊ တစ်ဦးချင်း အသေးစိတ်မေးမြန်း ဆွေးနွေးခြင်းနှင့် ဆေးဝယ်ယူသုံးစွဲသူ ဟန်ဆောင်ခြင်းနည်းများဖြင့် သုတေသန အချက်အလက်များ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယနေ့ခေတ်တွင် ဆယ်ကျော်သက် မိန်းကလေးများ အပါအ၀င် အမျိုးသမီးများ သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများအနက် မလိုချင်ဘဲ ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခြင်း . . . . .

သုတေသန ပြုလုပ်ချက်များအရ ဆေးရောင်းချသူ ရာခိုင်နှုန်း ၈၀ ကျော်မှာ ဆေးညွှန်းပါခြင်း၊ မပါခြင်းကို အလေးထား ရောင်းချမှုမရှိဘဲ ၅၈ ရာခိုင်နှုန်းမှာ အကန့်အသတ်မရှိ ရောင်းချမှုများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

လက်ရှိ အရေးပေါ် သန္ဓေတားဆေးများကို ၀ယ်ယူသုံးစွဲသူများတွင် ဆယ်ကျော်သက်လူငယ်များ အများဆုံးပါဝင်နေပြီး အသက် ၁၄ နှစ်ဝန်းကျင် လူငယ်များလည်း ၀ယ်ယူမှုရှိကြောင်း ဆေးဆိုင်များမှ သိရသည်။

ယနေ့ခေတ်တွင် ဆယ်ကျော်သက် မိန်းကလေးများ အပါအ၀င် အမျိုးသမီးများ သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများအနက် မလိုချင်ဘဲ ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခြင်း အပါအ၀င် ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ပြဿနာများသည်လည်း တစ်ခုအပါအ၀င်ဖြစ်လာကြောင်း သိရသည်။

လက်ရှိ နိုင်ငံ့လူဦးရေအနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီးဦးရေမှာ ၂ ဒသမ ၉ သန်းခန့်ရှိနေပြီး မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစစ်တမ်းများအရ ယင်းအသက်အရွယ်အကြား ဆယ်ကျော်သက်အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးမှာ ကလေးမွေးဖွားနေကြောင်းနှင့် အသက် ၁၈ နှစ်အောက် လက်ထပ်ခြင်း၊ အသက် ၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန်ဆောင်ရခြင်းတို့ကို လျှော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၁၉၉၀ ခုနှစ် မိခင်သေဆုံးနှုန်းသည် အရှင်မွေးကလေး တစ်သိန်းတွင် ၅၂၀ ရှိခဲ့ရာမှ ၂၀၁၀ တွင် ၂၀၀ ခန့်သို့ လျော့ကျသွားသော်လည်း ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းနှင့် ဆက်နွှယ်သည့် ပြဿနာများကြောင့် နှစ်စဉ် မိခင် ၂၀၀၀ ခန့် အသက်ဆုံးရှုံး နေကြရဆဲဖြစ်သည်။

အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နှုန်း များပြားလာခြင်းသည် မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် ပြဿနာတစ်ရပ် ဖြစ်နေကြောင်းနှင့် မြန်မာင်ငံရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း မျိုးဆက်ပွားနိုင်သည့် လူငယ်လူရွယ်များတွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...