Wednesday, January 15, 2014

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို MIC မှ ရင်းနှီးမြှုပ်နှံမှုပါမစ် ပေးလိုက်သော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ စတင်နိုင်ရန် လိုင်စင်လုပ်ငန်းစဉ်မှာ ကြန့်ကြာနေ



Wednesday, January 15, 2014

နွဲ့ယဉ်အေး

ပြည်တွင်းအော်ပရေတာတစ်ခု၏ ဆက်သွယ်ရေးတာဝိုင်တိုင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကေခိုင်ဝင့်)


ဆက်သွယ်ရေး ကုမ္ပဏီများကို မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှုပါမစ် ပေးလိုက်သော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ စတင်လုပ်ကိုင်ရန် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ချထားပေးမှု မရှိသေးဘဲ ကြန့်ကြာနေကြောင်း သိရသည်။

“MIC ကနေ ပါမစ်ပေးဖို့ အတည်ပြုပြီလို့ သတင်းပေးလာပါတယ်။ ဒါကိုလက်ဝယ်ရရှိတဲ့အခါမှာ ကြေညာချက် ထုတ်သွားပါမယ်။ ဆက်သွယ်ရေးလိုင်စင် လုပ်ငန်းစဉ်ကို နိဂုံးချုပ်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ သိသိသာသာ ကြန့်ကြာနေတာက ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ စတင်လုပ်ကိုင်နိုင်စေဖို့အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်” ဟု တယ်လီနော်မှ ထုတ်ပြန်ကြေညာလိုက်သည်။

နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက ၎င်းတို့အနေဖြင့် လိုင်စင်ရရှိပြီးသည်နှင့် ရှစ်လအတွင်း ၀န်ဆောင်မှုလုပ်ငန်းများကို စတင်ပေးနိုင်ရန် ကတိပြုထားဆဲဖြစ်ကြောင်း ပြောကြားသည်။

နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနှင့် ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ပြီးခဲ့သည့် ဇန်န၀ါရီ ၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံမှုပါမစ် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တယ်လီနော်ကုမ္ပဏီက ၎င်းကုမ္ပဏီအနေနှင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ကို ဒီဇင်ဘာလအတွင်းတွင် ရရှိနိုင်မည်ဟု မျှော်မှန်းထားသော်လည်း ယခုဇန်န၀ါရီလလယ်သို့ ရောက်ရှိသည်အထိ ရရှိခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးဥပဒေကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နိုဝင်ဘာတွင် နည်းဥပဒေများကို အများပြည်သူထံမှ အကြံဥာဏ်ရယူရန် ထုတ်ပြန်ခဲ့သည်။ ယခုအခါ အဆိုပါနည်းဥပဒေကို ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အတည်ပြုပြီး ရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားကြောင်း သိရသည်။

ပြည်ကဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရရှိပြီးမှသာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရန် လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...