Wednesday, January 15, 2014

မွေးကင်းစ ကလေးများကို ရောင်းစားမှုဖြင့် တရုတ်ဆရာဝန်တစ်ဦး ဆိုင်းငံ့သေဒဏ်ကျခံရ


Wednesday, January 15, 2014




သားဖွားဆရာဝန်ဟောင်း ကျန်ရှူရှား (လယ်) ကို ဇန်န၀ါရီ ၁၄ ရက်က တရားရုံးသို့ ခေါ်ဆောင်လာစဉ် (Photo:AFP)


မွေးကင်းစ ကလေးများကို ခိုးယူပြီးရောင်းချသော တရုတ်သားဖွားမီးယပ် ဆရာဝန်တစ်ဦးကို တရုတ်တရားရုံး တစ်ရုံးက ဇန်န၀ါရီ ၁၄ ရက်တွင် ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့သည်။ ယင်းအမှုက တရုတ်တွင် အမြစ်တွယ်နေသော ကလေးလူကုန်ကူးမှု ပြဿနာကို မကျေနပ်မှုများ ထွက်ပေါ်စေခဲ့သည်။

ကျန်ရှူရှားသည် ကလေး ၇ ဦးကို ခိုးယူခဲ့ကြောင်း ပြစ်မှုထင်ရှားသည်ဟု တရားရုံးက မြောက်ပိုင်းရှန်စီးပြည်နယ်ရှိ တရားရုံးတစ်ရုံးက ပြောကြားခဲ့သည်။ ယင်းမွေးကင်းစ ကလေးများသည် ဖျားနာ၊ သေဆုံးခဲ့ကြောင်း မိဘများကို ၎င်းကပြောကြားခဲ့ပြီး ကလေးများကို စွန့်လွှတ်စေရန် လှည့်ဖြားခဲ့ကြောင်း ဝေနန်နယ်ရှိ ခရိုင်တရားရုံးက ပြောကြားခဲ့သည်။ ယမန်နှစ်က ကျန်သည် မွေးကင်းစ ကလေးတစ်ဦး၏ မိဘများအား မိခင်တွင် ကလေးငယ်ကို ကူးစက်နိုင်သော ကာလသားရောဂါပိုးနှင့် အသည်းရောင်အသားဝါပိုး ရှိနေသဖြင့် မွေးကင်းစသားဖြစ်သူအား စွန့်လွှတ်ရန် စည်းရုံးခဲ့ပြီးနောက် ၎င်း၏လုပ်ရပ်များကို သိရှိခဲ့ခြင်းဖြစ်သည်။ ယင်းမိဘများသည် ရောဂါနှစ်မျိုးစလုံး ကင်းရှင်းကြောင်း နောက်ပိုင်းတွင် ဆရာဝန်များက ပြောကြားခဲ့သည်ဟု ထိုအချိန်က သတင်းများတွင် ဖော်ပြခဲ့သည်။ ထို့နောက် ယင်းမိဘများက သတိပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ကျန်သည် အဆိုပါယောက်ျားလေးကို အိမ်သို့ခေါ်သွားပြီး လူကုန်ကူးသူတစ်ဦးကို ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက်လူကုန်ကူးသူများသည် ယင်းကလေးကို ဟီနန်ပြည်နယ်မှ သမီးသုံးဦးရှိ လယ်သမားမိသားစုကို ဒေါ်လာ ၉၈၀၀ (ယွမ် ၆၀၀၀၀) ဖြင့် ရောင်းစားခဲ့သည်။ ရောင်းစားခံခဲ့ရသော ကလေးကို အာဏာပိုင်များက ပြန်လည်ကယ်တင်နိုင်ခဲ့သည်။ ထို့ပြင် ကျန်သည် ယမန်နှစ်ကပင် မွေးကင်းစအမြွှာပူး မိန်းကလေးနှစ်ဦး၏မိခင်အား တစ်ဦးရောဂါကြောင့် သေဆုံးခဲ့ပြီး ကျန်ကလေးတစ်ဦးမှာ ခြေလက်များကျိုးခဲ့ကြောင်း ပြောကြားခဲ့ပြီး ကလေးများကို စွန့်လွှတ်ရန် စည်းရုံးခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံတွင် တစ်အိမ်ထောင်ကလေးတစ်ဦး မူဝါဒကြောင့် မိဘများသည် မသန်စွမ်းသော ကလေးများကို တစ်ခါတစ်ရံ စွန့်ပစ်လိုကြသည်။ ထို့ပြင် မသန်စွမ်းမှုနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်း၏ အစွဲအလန်းတို့ကြောင့်လည်း မသန်စွမ်းကလေးများကို စွန့်ပစ်ခဲ့ကြသည်။ ကျန်ရောင်းချခဲ့သော အမြွှာမိန်းကလေး နှစ်ဦးကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ရောင်းချခဲ့သော ကလေးတစ်ဦးမှာ လူကုန်ကူးသူတို့က စွန့်ပစ်မှုကြောင့် မြောင်းအတွင်း အသေပြန်လည်တွေ့ရှိခဲ့ကြောင်း ဝေနန်တရားရုံးက ပြောကြားခဲ့သည်။

ကျန်သည် မိန်းကလေးငယ်များ ရောင်းချမှုအတွက် ကလေးတစ်ဦးလျှင် ယွမ် ၂၀၀၀၀ စီရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မွေးကင်းစ ယောက်ျားလေးတစ်ဦး ရောင်းချမှုမှ ယွမ် ၄၇၀၀၀ ရရှိခဲ့ကြောင်း တရားရုံးက ထပ်မံပြောကြားခဲ့သည်။ တရားရုံးက အသက် ၅၅ နှစ်အရွယ်ဆရာဝန် ကျန်ကို နှစ်နှစ်ဆိုင်းငံ့ဖြင့်သေဒဏ် ချမှတ်ခဲ့သည်။ ယင်းပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်သို့ လျှော့ချပေးဖွယ်ရှိသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...