Wednesday, January 15, 2014

စစ်သွေးကြွတိုက်ခိုက်မှုနှင့် ဆန္ဒပြမှု ကြုံရနိုင်မှုအတွက် လုံခြုံရေး တင်းကျပ်ထားပြီး အီဂျစ်အခြေခံ ဥပဒေသစ်ကို ဆန္ဒခံယူပွဲကျင်းပ



Wednesday, January 15, 2014


 
ဇန်န၀ါရီ ၁၄ ရက်တွင် မြို့တော်ကိုင်ရိုတောင်ဘက် ဂီဇာခရိုင်၌ မဲရုံတစ်ရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသူများကို ဖြတ်ကျော်သွားသော ကုလားအုတ် စီးနင်းနေသူတစ်ဦး (Photo:AFP)


အီဂျစ်တွင် စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများနှင့် ဆန္ဒပြမှုများကြောင့် မဲပေးသူများကို အကာအကွယ်ပေးရန်အတွက် လုံခြုံရေး တင်းကျပ်ထားချိန်၌ ဇန်န၀ါရီ ၁၄ ရက်တွင် အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေသစ်ကို မဲလာပေးကြရန် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက တိုက်တွန်းခဲ့ချိန်တွင် မြို့တော်ကိုင်ရို၌ ဗုံးအသေးတစ်လုံး ပေါက်ကွဲခဲ့သည်။ မော်စီ၏ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ ဦးဆောင်သော အစ္စလာမ္မစ်ညွန့်ပေါင်းက ယင်းဆန္ဒခံယူပွဲကို သပိတ်မှောက်ကြရန်နှင့် မဲပေးသည့် နှစ်ရက်အတွင်း ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြကြရန် တိုက်တွန်းခဲ့သည်။ ဆန္ဒခံယူပွဲအား အနှောင့်အယှက်ပေးသည့် ကြိုးပမ်းမှုများကို ထိပ်တိုက်ရင်ဆိုင်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင်တွင် မော်စီကို ရာထူးမှဖြုတ်ချခဲ့သော ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဘ်ဒယ်ဖက်တာအယ်ဆစ်စီသည် ကိုင်ရိုမြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းတွင်ပြု လုပ်ထားသော မဲရုံတစ်ရုံသို့ သွားရောက်ခဲ့ပြီး လုံခြုံရေးအတွက် ပြင်ဆင်မှုများကို စစ်ဆေးခဲ့သည်။ မဲရုံများမဖွင့်မီ ကိုင်ရိုတရားရုံး အပြင်ဘက်၌ လက်လုပ်ဗုံးသေးတစ်လုံး ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ မျက်နှာစာ ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းမှာ လူဦးရေ အထူထပ်ဆုံး အာရပ်နိုင်ငံ အီဂျစ်တွင် မော်စီကို ရာထူးမှဖြုတ်ချမှုနှင့် အစ္စလာမ္မစ် ထောက်ခံသူများကို အင်အားသုံးဖြိုခွင်းမှုအပြီး အစိုးရ၏ အာဏာချုပ်ကိုင်မှုမှာ လျော့တိလျော့ရဲ ဖြစ်နေကြောင်း မီးမောင်းထိုးပြခဲ့သည်။

ကသောင်းကနင်းဖြစ်သော အုပ်ချုပ်မှုကို ခိုင်မာစေရန်အတွက် မဲပေးသူ အများအပြား မဲပေးကြစေရန် အီဂျစ်အစိုးရက မျှော်လင့်ထားချိန်တွင် ဆစ်စီသည်လည်း ယင်းဆန္ဒခံယူပွဲသည် သူ့အပေါ် ‘လူကြိုက်များမှု’ တိုင်းတာမှုတစ်ခုအဖြစ် စောင့်ကြည့်နေကြောင်း သိရသည်။

ဆန္ဒခံယူပွဲသို့ မဲဆန္ဒရှင်မည်မျှ မဲလာပေးမည်ကို အတိအကျ မသိရသေးသော်လည်း အခြေခံဥပဒေသစ်အား အတည်ပြုနိုင်ရန်မှာ သေချာနေကြောင်း သိရသည်။ မော်စီလက်ထက် အခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး အသစ်ပြန်ရေးခဲ့သော ယခုအခြေခံ ဥပဒေသစ်တွင် စစ်တပ်အပေါ် လုပ်ပိုင်ခွင့်အာဏာ တိုးပေးထားမှုအတွက် လူ့အခွင့်အရေး အဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...