Wednesday, January 15, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဟိုင်းလတ်ယာဉ်များနေရာ၌ မီနီဘတ်စ်ယာဉ်များ အစားထိုးပြေးဆွဲမည်

Wednesday, January 15, 2014


နီလာ
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသော ဟိုင်းလတ်ယာဉ်တစ်စီး


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ဟိုင်းလတ်ယာဉ်များနေရာ၌ မီနီဘတ်စ်ယာဉ်များ အစားထိုးပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

“ဟိုင်းလတ်ယာဉ်များဟာ ယခင်က ကုန်ပစ္စည်း တင်ဆောင်ဖို့အတွက် ကားများဖြစ်ပါတယ်။ သို့သော်လည်း အခြေအနေအရ ယခင်အစိုးရလက်ထက်က လူစီးခရီးသည်တင် မော်တော်ယာဉ်များ ဖြစ်နေတဲ့အတွက်ကြောင့် ခုချိန်မှာ ခေတ်မီတိုးတက်မှုကို ရှေးရှုတဲ့အတွက် ဒီယာဉ်များကို မပြေးဆွဲနိုင်အောင် ဟိုင်းလတ်ယာဉ်များရဲ့နေရာမှာ မီနီဘတ်စ်တွေ အစားထိုးပြေးဆွဲဖို့အတွက် မထသ(ဗဟို)၊ ခရိုင်ယာဉ်လိုင်းများအားလုံး ကုမ္ပဏီများအားလုံး ဟိုင်းလတ်ယာဉ်များအစား မီနီဘတ်စ်ယာဉ်များ အစားထိုးပြေးဆွဲဖို့ ကျွန်တော်တို့အစည်းအဝေးလုပ်ထားပြီး ဖြစ်ပါတယ်}}ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီ (Delivery Unit) ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်တင်၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားချက်များတွင် အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပြည်လမ်းပေါ်တွင် ပြေးဆွဲလျက်ရှိသည့် ဟိုင်းလတ်ယာဉ်များပေါ်တွင် တွယ်စီး၊ နောက်တွယ်၊ အမိုးပေါ်မှ စီးခြင်းများက ခရီးသွားပြည်သူများအတွက် အန္တရာယ်ရှိသောကြောင့် ခရီးသွားများ လိုက်နာစေရန် ဆောင်ရွက်ပေးရန် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်တင်က ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည်လမ်းတွင် ခရီးသည်တင် ဟိုင်းလတ်ယာဉ်လမ်းကြောင်း ၄၆ လိုင်းနှင့် စုစုပေါင်းယာဉ်အစီးရေ ၈၀၄ စီး ပြေးဆွဲလျက်ရှိကြောင်း၊ မထသ(ဗဟို)၏ စီမံခန့်ခွဲမှုအောက်တွင် မြို့တွင်းခရီးသည်တင် ဟိုင်းလတ်ယာဉ်စုစုပေါင်း ၁၅ လိုင်း၊ ယာဉ်အစီးရေ ၃၈၀ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဟိုင်းလတ်ယာဉ်များ အမိုးပေါ်မှစီး၊ တွယ်စီးများကို စည်းကမ်းတကျ ဖြစ်ဖို့အတွက် ဖမ်းဆီးပြီးတော့ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခုဆိုရင် မော်တော်ယာဉ်များ စည်းကမ်းတကျဖြစ်ရေး၊ လမ်းဘေးဝဲယာ ရပ်ချင်သလိုရပ်တဲ့ ကိစ္စကိုလည်း ကရိန်းယာဉ်များနဲ့ ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက် ရှိပါတယ်။ နေ့စဉ်နဲ့အမျှ အဖွဲ့ ၁၁ ဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...