Wednesday, February 5, 2014

ဗဟိုအာဖရိက၏ အကြမ်းဖက်မှုများ တစ်စိတ်တစ်ပိုင်း ချုပ်ငြိမ်းသွားပြီဟု ပြင်သစ်ကာကွယ်ရေးဦးစီးချုပ် ပြောကြား



ဗဟိုအာဖရိကနိုင်ငံမြို့တော် ဘန်ဂွီမြောက်ဘက် ယာလိုကီမြို့တွင် ဖေဖော်ဝါရီ ၂ ရက်က ကင်းလှည့်နေသော ပြင်သစ်စစ်သားများ (Photo:AFP)


မြို့တစ်မြို့တည်း၌ပင် လူ ၇၅ ဦးထက်မနည်း အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်တိုင် ဗဟိုအာဖရိကတွင် အကြမ်းဖက်မှုများ တစ်စိတ်တစ်ပိုင်း ချုပ်ငြိမ်းသွားပြီဟု ပြင်သစ်ကာကွယ်ရေးဦးစီးချုပ် အက်ဒ၀ပ်ဂေးလောက်က ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဂေးလောက်သည် နှစ်ဖက်စလုံးက လက်နက်ဖျက်သိမ်းမှုလုပ်ငန်းစဉ် စတင်နေသည့် ဘန်ဂွီမြို့သို့ သွားရောက်စဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် မတ်လအတွင်း မွတ်စလင်ဆယ်လီကာ အများစုပါဝင်သော သူပုန်ထမှုက အစိုးရကို ဖြုတ်ချခဲ့သည့် ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား သွေးထွက်သံယို ပဋိပက္ခများ ရပ်တန့်သွားစေရေးအတွက် ပြင်သစ်တို့က ၎င်းတို့၏ ကိုလိုနီနယ်မြေဟောင်းကို တပ်များစေလွှတ်ခဲ့ပြီးနောက် နှစ်လအကြာတွင် ဂေးလောက်က ဗဟိုအာဖရိကနိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

သူရောက်ရှိသွားချိန်သည် ဗဟိုအာဖရိကနိုင်ငံ အနောက်ပိုင်းတွင် သတ်ဖြတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းများ ထွက်ပေါ်လာချိန်နှင့် တိုက်ဆိုင်နေပြီး ပြင်သစ်တပ်သား ၁၆၀၀ နှင့် အာဖရိကသမဂ္ဂတပ်သား ၅၅၀၀ စေလွှတ်ထားမှုက လုံလောက်မှုမရှိကြောင်း ပြသနေသကဲ့သို့ ဖြစ်နေသည်ဟုဆိုသည်။

ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီး ကေဆီယန်ကမာတာရီ၏ ပြောကြားချက်အရ ဇန်န၀ါရီ ၂၈ ရက်ကတည်းက ဘိုဒါမြို့၌ ဖြစ်ပွားသည့် သတ်ဖြတ်မှုများအတွင်း လူပေါင်း ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြို့တော်ဘန်ဂွီအနောက်ဘက် မိုင် ၆၀ အကွာရှိ ဘိုဒါမြို့တွင် ခရစ်ယာန် ဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားရာမှ ထွက်ပြေးလာကြသော လူပေါင်း ၁၅၀၀ ကို ၎င်းတို့၏နယ်မြေ၌ လက်ခံထားရသည်ဟု ကာမာတာရီက ပြောကြားခဲ့သည်။ လက်နက်များ အကြီးအကျယ် ကိုင်ဆောင်ထားသော မွတ်စလင်များသည် မြို့အ၀င်နှင့် အထွက်တွင် အတားအဆီးများ ချထားပြီး ခရစ်ယာန်များကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...