Wednesday, February 5, 2014

တက္ကစီငှားရမ်းစီးနင်းသူများက အငှားယာဉ်မောင်းများအား ဓားဖြင့်ထိုးကာ ထွက်ပြေးမှုများ မကြာခဏဖြစ်ပွားနေ


မင်းသိန်းနိုင်
ရန်ကုန်မြို့အတွင်း တက္ကစီယာဉ်ပေါ်တွင် ယာဉ်မောင်းနေရာအား အကာအကွယ်ပြုလုပ်ထားသည်ကို တွေ့စဉ်(ဓာတ်ပုံ-နေမျိုးထွန်း)


ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်မောင်းများအား ငှားရမ်းစီးနင်းသူများက ဓားဖြင့်ထိုးကာ ထွက်ပြေးနေမှုများ မကြာခဏဖြစ်ပွားနေမှုကြောင့် ညဥ့်နက်အချိန် အုပ်စုဖွဲ့ယာဉ်ငှားရမ်းသူများအား အငှားယာဉ်မောင်းတချို့မှာ မတင်ဆောင်တော့ကြောင်း အငှားယာဉ်သမားတချို့အား မေးမြန်းချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်များမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းတွင် ဒဂုံအရှေ့မြို့နယ်တွင် တက္ကစီယာဉ်မောင်းမှ ခရီးသည်အမျိုးသားသုံးဦးကို ကားခတောင်းရာမှ ဓားဖြင့်ထိုးကာ တုတ်ဖြင့်ရိုက်ပြီး ထွက်ပြေးသွားသည့်ဖြစ်စဉ်၊ ကမာရွတ်မြို့နယ်တွင် တက္ကစီယာဉ်မောင်းကိုပင် ငှားစီးလာသောလူငယ်သုံးဦးမှ ဓားဖြင့်ထောက်ပြီး ခြိမ်းခြောက်ကာ ငွေတောင်းမှုဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှစ်ခုအနက် ဖြစ်စဉ်တစ်ခုမှာ ဇန်န၀ါရီ ၂ရက် နံနက် ၁နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦး.....(၂၆)နှစ်မောင်းနှင်လာသော ကယ်ဒီနာအငှားယာဉ်သည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ မဟာမြိုင်ဆေးရုံရှေ့အရောက်တွင် လူငယ်သုံးဦးမှ ကမာရွတ်မြို့နယ်ရှိ၊ နာနတ်တောခုံးတံတားအနီးသို့သွားရန် ငှားရမ်းခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်ပို့နေစဉ် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ ဂျန်းရှင်းစကွဲအလွန်အရောက်၌ ယာဉ်မောင်းထိုင်ခုံနောက်တည့်တည့်တွင် ထိုင်သည့်လူငယ်မှ ဦး....၏ လည်ပင်းအား သိုင်းဖက်ကာ အရိုးအသွား ခုနှစ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ၀ဲဘက်ခါးအားထောက်ကာ ငွေခြောက်လှန့်တောင်းခံခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့မှ နာနတ်တောခုံးတံတားအောက်သို့မောင်းရန် ပြောခဲ့သော်လည်း ဦး......မှာ ၎င်းပြောသည့်နေရာသို့မမောင်းဘဲ ရွှေကိန္နရီအိမ်ရာဘက်သို့ချိုးကွေ့ရာ နောက်မှကျန်လူငယ်တစ်ဦးက ကားဟမ်းဘရိတ်ကို ဆွဲလိုက်သဖြင့် ကားရပ်သွားခဲ့ကြောင်း သိရသည်။

ထိုစဉ် ဦး......မှာ ဓားဖြင့်ထောက်ထားသည့် လူငယ်ထံမှ ဓားကိုလုယူပြီး လုံးထွေးနေစဉ် ကျန်လူငယ်နှစ်ဦးမှာ ကားပေါ်မှဆင်းပြေးသွားခဲ့ကြောင်းနှင့် ယင်းအချိန်တွင် ကမာရွတ်မြို့မှရဲစခန်းက လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့နှင့်တွေ့ရှိပြီး ရန်နိုင်ဦး(ခ) ငပိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ကျွန်တော်က တက္ကစီကို ညဘက် အုံနာဆီကနေ တစ်ရက်တစ်သောင်းခွဲနဲ့ ယူမောင်းတယ်။ တက္ကစီသမားတွေကို ဓားနဲ့ထောက်ပြီး ငွေခြိမ်းခြောက်တောင်းခံတဲ့ ဖြစ်စဉ်တွေ၊ ဓားနဲ့ထိုးမှုတွေ မကြာခဏ ဂျာနယ်တွေထဲမှာတွေ့ရတော့ ညဥ့်နက်ပိုင်းမှာ လူငယ်အုပ်စုတွေ ကားငှားရင် မလိုက်တော့ပါဘူး။ ပြီးတော့ အရမ်းဝေးတဲ့ ဒဂုံအရှေ့မြို့စွန်တို့၊ ဒဂုံဆိပ်ကမ်းတို့လို နေရာများတွေကိုလည်း မလိုက်တော့ဘူး"ဟု ကမာရွတ်မြို့နယ်ရှိ လှည်းတန်း ၆ လမ်းနေ တက္ကစီယာဉ်မောင်းဖြစ်သူ ကိုလင်းနိုင်က ဆိုသည်။

ယင်းဖြစ်စဉ်များနည်းတူ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင်လည်း သာကေတမြို့နယ်နေ ယာဉ်မောင်း ဦး......(၄၉)နှစ်၏ အငှားယာဉ်အားငှားစီးသည့် မြောက်ဥက္ကလာပမြို့နယ်မှ လူငယ်နှစ်ဦးက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၃ လမ်းအရောက် ဦး......အား ဓားဖြင့်ထိုးကာ ထွက်ပြေးသွားမှုဖြစ်စဉ်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆိုင်ကယ်ကယ်ရီမောင်းသမားတစ်ဦးအား ငှားစီးသူအမျိုးသားတစ်ဦးက အချွန်တစ်ခုဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...