Wednesday, February 5, 2014

ယူကရိန်းသမ္မတက ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူဖွယ်ရှိ


ဖေဖော်ဝါရီ ၃ ရက်က ကိဗ်မြို့တွင် ပိတ်ဆို့ထားသောလမ်းအနီး သွားလာနေသော အစိုးရဆန့်ကျင် ဆန္ဒပြသူတစ်ဦး


အတိုက်အခံတို့နှင့် သဘောတူညီချက် မရရှိပါက ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျသည် ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူသွားဖွယ်ရှိကြောင်း သမ္မတ၏ကိုယ်စားလှယ် ဥပဒေပြုအမတ်တစ်ဦးက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။ နှစ်လကြာခဲ့ပြီဖြစ်သော ယူကရိန်းနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အလားအလာနှစ်ရပ်ကို သမ္မတသည် ဥပဒေပြု အမတ်များနှင့် ပြီးခဲ့သည့်တစ်ပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါလီမန်ရှိ သမ္မတ ယာနူကိုဗစ်ခ်ျ၏ ကိုယ်စားလှယ် မီရိုရှင်နီချင်ကိုက ပြောကြားခဲ့သည်။

“ပထမ အလားအလာက ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ အဆောက်အအုံတွေကနေ ပြန်လည်ဆုတ်ခွာပေးဖို့နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ။ ဒုတိယတစ်ချက်က ကြားဖြတ်ရွေးကောက်ပွဲ ခေါ်ယူဖို့ပါ။ လွတ်ငြိမ်းချမ်းသာခွင့်က အလုပ်မဖြစ်ပါဘူး” ဟု မီရိုရှင်နီချင်ကိုက ထိန်းသိမ်းခံဆန္ဒပြသူများ လွတ်မြောက်ရေးကို ရည်ညွှန်းပြီးပြောကြားခဲ့သည်။ အတိုက်အခံ ဆန္ဒပြသူများက ထိန်းသိမ်းခံထားရသူများကို ခြွင်းချက်မရှိလွှတ်ပေးရန် လိုလားနေပြီး အာဏာရ Regions Party က ဆန္ဒပြသူများ ထိန်းချုပ်ထားသည့် အဆောက်အအုံများကို ရက်အနည်းငယ်အတွင်း ရှင်းလင်းပေးမှသာ ထိန်းသိမ်းထားသူများ လွှတ်ပေးရန်ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

နာမကျန်းခွင့် လေးရက်ယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက်က ရုံးပြန်တက်ခဲ့သော သမ္မတယာနူကိုဗစ်ခ်ျက အစိုးရဆန့်ကျင် ဆန္ဒပြလှုပ်ရှားမှုကို ရှုတ်ချခဲ့ပြီး အစွန်းရောက်မှုနှင့် အမုန်းအတွက် လှုံ့ဆော်မှုသည် နောက်ကွယ်တွင်ရှိနေကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် သဘောတူညီချက်ကို ထောက်ခံသူနှင့် ဆန့်ကျင်သူများအကြား သဘောကွဲလွဲမှုများ ရှိလင့်ကစား အတိုက်အခံတို့ တောင်းဆိုသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကို ယူကရိန်းပြည်သူ အများစုက ထောက်ခံကြကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။

TNS အေဂျင်စီက မြို့တော်ကိဗ်တွင် ကောက်ယူခဲ့သော အင်တာနက်စစ်တမ်းတွင် ဖြေဆိုသူ ၁၀၀၈ ဦးအနက် ၅၁ ဒသမ ၃ ရာခိုင်နှုန်းက သမ္မတဗစ်တာယာနူကိုဗစ်ခ်ျ၏ သက်တမ်းကို အဆုံးသတ်ပြီး ရွေးကောက်ပွဲများေ စောစီးစွာကျင်းပရန် လိုလားကြောင်း တွေ့ရှိခဲ့သည်။

အသက် ၆၃ နှစ်ရှိ သမ္မတဗစ်တာယာနူကိုဗစ်ခ်ျသည် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော်လည်း ယူကရိန်းမြို့တော်နှင့် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဆန္ဒပြသူများက သမ္မတနုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။ ယင်းစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၅၈ ရာခိုင်နှုန်းက ပါလီမန်ရွေးကောက်ပွဲများလည်း စောစီးစွာကျင်းပရန် လိုလားနေသည်။

ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူများ စစ်တမ်းတွင် အတိုက်အခံ လိုလားသူ သူဌေးကြီး ပီထရိုပိုရိုရှင်ကိုက ၂၁ ဒသမ ၈ ရာခိုင်နှုန်း၊ ကြားဖြတ်ဝန်ကြီးအဖွဲ့ အကြီးအကဲ၊ ယာနူကိုဗစ်ခ်ျ၏ သစ္စာခံသူ ဆာဂီအာဘူဇော့ဗ်ကို ၂၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ရွေးချယ်ခဲ့ကြသည်။ ယခင်ဝန်ကြီးချုပ် အဇာယော့ဗ်မှာ အတိုက်အခံတို့၏ နှစ်လကြာဆန္ဒပြမှုကို လိုက်လျောသည့်အနေဖြင့် အစိုးရအဖွဲ့နှင့်အတူ ပြီးခဲ့သည့်လက နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...