Wednesday, February 5, 2014

၂၀၃၀ ပြည့်နှစ်မတိုင်မီ ကင်ဆာဖြစ်ပွားမှုနှုန်း ထက်ဝက်မြင့်တက်မည်ဟု ကုလသမဂ္ဂထုတ်ပြန်



ပြင်သစ်မြောက်ပိုင်း လိုင်လီရှိ ကင်ဆာကုသရေး ဌာနတစ်ခုတွင် လူနာတစ်ဦးအား ကုသမှုပေးရန် ပြင်ဆင်နေစဉ် (Photo:AFP)


ကင်ဆာရောဂါဖြစ်ပွားမှု အသစ်များ ၂၀၃၀ ပြည့်နှစ်မတိုင်မီ ထက်ဝက်မြင့်တက်လာပြီး ဖြစ်ပွားသူဦးရေ ၂၁ ဒသမ ၆ သန်း ရှိလာမည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၄ ရက်တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့ကင်ဆာရောဂါ စစ်တမ်းတွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ကင်ဆာဖြစ်ပွားသူဦးရေ ၁၄ သန်းနှင့်နှိုင်းယှဉ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့လူဦးရေ တိုးတက်လာပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေထိုင်မှု အလေ့အထများကို ခံယူသူ ပိုမိုများပြားလာသဖြင့် တစ်နှစ်လျှင် ကင်ဆာကြောင့် သေဆုံးသူဦးရေသည်လည်း ၈ ဒသမ ၂ သန်းမှ ၁၃ သန်းသို့ မြင့်တက်နိုင်ခြေရှိသည်ဟု ကင်ဆာသုတေသနဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အေဂျင်စီ ((IARC)က ပြုစုခဲ့သော ယင်းအစီရင်ခံစာအရ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး အရောင်းမြှင့်တင်မှုကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်ဖွယ်ရှိသည်ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းအစီရင်ခံစာကို နိုင်ငံပေါင်း ၄၀ ကျော်မှ သိပ္ပံပညာရှင် ၂၅၀ ကျော်က ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး ကင်ဆာနှင့်ပတ်သက်၍ ခြောက်နှစ်အတွင်း ပထမဆုံး ထွက်ရှိခဲ့သည့် သုံးသပ်ချက်လည်းဖြစ်သည်။

ကင်ဆာ၏ သက်ရောက်မှုကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မလွဲမသွေ အဆိုးရွားဆုံး ကြုံတွေ့ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က သတိပေးခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရောဂါကူးစက်မှု သို့မဟုတ် အနာရောဂါများကြောင့် ဖြစ်ပွားသော ဆင်းရဲမွဲတေခြင်းနှင့် ဆက်စပ်သည့် ကင်ဆာရောဂါများနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး အသုံးပြုမှု မြင့်မားခြင်း၊ အရက်သောက်သုံးမှု မြင့်မားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော တာရှည်ခံ အစားအစာများ စားသုံးခြင်းနှင့် ကိုယ်လက်လေ့ကျင့်ခန်း အလုံအလောက် မပြုလုပ်ခြင်း စသည့်ကျန်းမာရေးနှင့် မညီညွတ်သော ဘ၀နေထိုင်မှု ပုံစံများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကြိုတင်ကာကွယ်မှုကို အဓိကထား၍ ဆောင်ရွက်သင့်ကြောင်း IARC ညွှန်ကြားရေးမှူး ခရစ္စတိုဖာဝိုင်းလ်က ပြောကြားခဲ့သည်။

ကင်ဆာသည် နှလုံးရောဂါကို ကျော်လွန်ကာ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် သေဆုံးမှု၏ နံပါတ်တစ် အကြောင်းရင်း ဖြစ်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...