Wednesday, February 5, 2014

နာမည်ကြီးရမယ် ဆိုတာထက် အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပဲ အမြဲလုပ်တတ်တဲ့ မိတ်ကပ်လင်းလင်း (တော်ဝင်သူ)



မိတ်ကပ်ပြင်ဆင်မှုခြယ်သမှုအပိုင်းမှာ လူတော်တော်များများ သိထားပြီးဖြစ်သလို သူပြင်တဲ့ မိတ်ကပ် ပညာအစွမ်းနဲ့ ကြိုးစားမှုတွေကြောင့် ဒီနေ့ခေတ် ဒီနေ့အခါမှာ မိတ်ကပ်လင်းလင်း(တော်ဝင်သူ) ဆိုရင် မသိတဲ့သူ မရှိသလောက်ကို နာမည်ကြီးသလို လူသိများလှပါတယ်။ သူ့ရဲ့ မိတ်ကပ် ဖန်တီးပြင်ဆင်မှုအပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်သိချင်မဲ့အကြောင်းအရာအချို့ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘လင်းမိတ်ကပ်စပြင်တာကတော့ မကြီးစန်းဆီကပေါ့နော်။ မကြီးစန်းဆီမှာ ပညာစသင်တာပေါ့နော်။ ၂၀၀၀ခုနှစ်ကတည်းက ဒီလောကထဲကို စ၀င်လာခဲ့တာပါ။ ဒီိအလုပ်ကို လင်း၇တန်း၊ ၈တန်းလောက်ကတည်းက အိမ်မှာ မိသားစုက မိန်းကလေးတွေကြီးပဲဆိုတော့ လှလှပပ သန့်သန့်ရှင်းရှင်းလေးနေရတာ ကြိုက်တယ်။ ဒီအလုပ်က လင်းနဲ့တော်တော်ကို ၀မ်းဆက်ဖြစ်ပါတယ်။ ခုဆိုလင်းရဲ့ မိတ်ကပ်သက်တမ်းက ၁၄ နှစ်ရှိပြီပေါ့။ လင်းက ဒီအချိန်အတိုင်းအတာထိ ကိုယ့်ကိုကိုယ်အောင်မြင်တယ်လို့ မခံယူထားပါဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်တယ်လို့ သတ်မှတ်လိုက်တဲ့နေ့ ကိုယ့်ကိုကိုယ် ကျရှုံးတဲ့နေ့လို့သတ်မှတ်ထားလို့ပါ။ အလုပ်ကို ဒီနေ့လဲ လုပ်ချင်တယ်။ မနက်ဖြန်လဲ လုပ်ချင်တယ်။ နေ့တိုင်းလုပ်ချင်တယ်။ ဒီအလုပ်လုပ်မှလဲ အလုပ်လုပ်နေမှလဲ လူဆိုတာ သူ့နေရာလေးနဲ့သူအံဝင်ခွင်ကျဖြစ်နေမယ်။ အဲဒီအတွက် ဒီအလုပ်ကို ငါလုပ်ရင် အောင်မြင်ရမယ်။ နာမည်ကြီးရမယ်ဆိုတာထက် အလုပ်တစ်ခုကို အကောင်းဆုံးလုပ်ခဲ့တဲ့အတွက် အလုပ်က ကိုယ့်ကို နေရာတစ်ခုပေးတယ်လို့ပဲ ထင်ပါတယ်’ လို့ သူက ပြောပါတယ်။



မိတ်ကပ်ခြယ်သမှုပညာရပ်နဲ့ ပတ်သက်ပြီးတော့လည်း ‘တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်အယူအဆခြင်း မတူဘူး။ လင်းတို့ရဲ့သင်ဆရာ၊ မြင်ဆရာတွေအပြင်ကို နိုင်ငံခြားက ကတ်တလောက်တွေ၊ မိတ်ကပ်ပညာရှင်တွေရဲ့ ပြင်ဆင်ခြယ်သမှုတွေကို အတုခိုးလေ့လာတယ်။ လေ့လာပြီး မြန်မာပုံစံနဲ့ပေါင်းစပ်ပြီးတော့မှ အကောင်းဆုံးနဲ့အလှပဆုံး ဖြစ်အောင်ဖန်တီးပေးတယ်။ နိုင်ငံခြားမှာ မိတ်ကပ်တွေ ခေတ်စားတယ်။ ဒါပေမဲ့ ခေတ်စားတိုင်း ဒီမှာပြန်အသုံးချလို့ မရဘူး။ ဆံပင်ပုံစံလေးတွေသာ အတုယူလို့ရတာပါ။ ဆံပင်နဲ့ပတ်သတ်ပြီး အန်တီပေါက်ဆီက တတ်တယ်။ အဲဒီမှာမှ ကိုယ့်ရဲ့စိတ်ကူးလေးတွေနဲ့ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။ လင်းတို့ ပညာဆိုတာ သေသည်အထိ အသစ်အသစ်တွေက ပေါ်နေစမြဲပဲမို့ လေ့လာနေရတုန်းပါပဲ။ လင်းစပြင်ပေးဖူးတဲ့ မော်ဒယ်လ်တွေကတော့ ဆုမြတ်ရွှေစင်၊ မဆင့်၊ မိုးဟေကို၊ ပုလဲဝင်း၊ မိုးယုစံ၊ ပပ၀င်းခင်၊ သန္တလှိုင်၊ အေးမြတ်သူ၊ မအူဝဲ၊ ၀ိုင်းစုခိုင်သိန်း၊ သင်ဇာလဲ လိမ်းဖူးတယ်။ တော်တော်များများ လိမ်းဖူးပါတယ။် လင်းက မိတ်ကပ်လိမ်းတဲ့အခါ သူများလို တိတိကျကျကြီး လိမ်းတာမျိုးမနှစ်သက်ဘူး။ သူ့နဂိုရှိတဲ့ပုံလေးကိုပဲ လှသွားအောင် တောက်ပသွားအောင်ပဲ လင်းက လိမ်းပေးပါတယ။် မိတ်ကပ်ကို ထူတာမကြိုက်ဘူး။ အံဝင်ခွင်ကျဖြစ်တဲ့ ပုံစံမျိုးပဲ ကြိုက်ပါတယ။် လင်းလေးစားအားကျတဲ့ မိတ်ကပ်ပညာရှင်တွေက မကြီးစန်း၊ ဦးမာ၊ ဦးစိုး၊ အန်တီပေါက်၊ အန်တီနှင်း၊ ပေါ။ အန်တီပေါက်ဆို ၀တ်တာစားတာကအစ လင်းအားကျရတဲ့သူပေါ့။ အငယ်ပိုင်းတွေထဲမှာဆို မေဦးကိုကြိုက်တယ်။ လင်းအနေနဲ့ပြောချင်တာက လင်းတို့အလုပ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ အောင်မြင်ဖို့ကို ခဲယဉ်းတယ်။



မျိုးဆက်သစ် မိတ်ကပ်ဖန်တီးရှင်တွေကို လင်းအကြံပေးချင်တာက လင်းတို့လုပ်နေတဲ့ မိတ်ကပ်အလုပ်မှာ ငွေကြေးကိုအဓိက မထားပဲနဲ့ မကြီးစန်းပြောခဲ့သလိုပဲ စေတနာနဲ့ ကိုယ်ကျင့်တရားက အရမ်းကိုအရေးကြီးတယ်။ အဲဒါကို ထိန်းသိမ်းသွားမယ်ဆိုရင် အောင်မြင်မှုရမယ်လို့ ထင်ပါတယ်။ အခုခေတ်အငယ်လေးတွေဆို လင်းတို့ခေတ်တုန်းကလို မဟုတ်ဘူး။ အရမ်းအလှလေးတွေပြင်လာကြတယ်။ ကိုယ့်ကိုယ်ကိုယ်CELEBRITY တစ်ယောက်လို ၀တ်ထားစားထားတာတွေက ဖက်ရှင်အနေနဲ့ကြည့်မယ်ဆိုရင် လှပါတယ်။ ဒါပေမဲ့ လုပ်ငန်းမှာဆို ကိုယ်က အဲလောက်ထိပြင်ဖို့ မလိုပါဘူး။ အရမ်းကိုလှချင်ကြတယ်။ မိန်းမလျှာလှချင်တာက အပြစ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်ထဲမှာကျတော့ သပ်သပ်ကြီးများဖြစ်နေမလားလို့ မြင်မိတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...