Wednesday, February 5, 2014

ထိုင်းအတိုက်အခံများက ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး အာဏာရပါတီကို ဖျက်သိမ်းရန်ကြိုးပမ်း


ဘန်ကောက်တွင် ဖေဖော်ဝါရီ ၃ ရက်က လူထုအစည်းအဝေးတစ်ခု၌ ထောက်ခံသူများထံမှ အလှူငွေလက်ခံရယူနေသော ထိုင်းဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဗန်(၀ဲ) (Photo:AFP)


ထိုင်းအတိုက်အခံများက လွန်ခဲ့သည့်သီတင်းပတ် အကုန်က ရွေးကောက်ပွဲကို ပယ်ဖျက်ရန်နှင့် လက်ရှိအာဏာရပါတီကို ဖျက်သိမ်းရန်တို့အတွက် တောင်းဆိုမှုများပြုလုပ်ရန် ဖေဖော်ဝါရီ ၄ ရက်တွင် စီစဉ်နေကြောင်း သိရသည်။ သူတို့သည် ဥပဒေအရ တရားဝင်ထိုးနှက်မှုများ ပြုလုပ်ရန် စီစဉ်နေပြီး ယင်းကထိုင်းနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုကြီးထွားအောင် ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

ဘန်ကောက်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုများကို ပြန့်နှံ့စေခဲ့သော သုံးလကြာ လူထုဆန္ဒပြပွဲများကို အရှိန်လျှော့ချရန်အတွက် ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီ ၂ ရက်တွင် လျှပ်တစ်ပြက်ရွေးကောက်ပွဲကို ကျင်းပစေခဲ့သည်။

အတိုက်အခံများသည် ဥပဒေအရ နောက်ဆုံးလှုပ်ရှားမှု တစ်ရပ်အဖြစ် ဖေဖော်ဝါရီ ၄ ရက်အနှောင်းပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရုံး၌ မဲပေးမှုများကို စိန်ခေါ်တရားစွဲရန် စီစဉ်နေသည်ဟုဆိုသည်။ ယင်းအချိန်၌ပင် အမေရိကန်က စစ်အာဏာသိမ်းမှုကို ဖြစ်ပေါ်စေမည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

“ကျွန်မတို့အနေနဲ့ အာဏာသိမ်းမှုကိုပဲ ဖြစ်ဖြစ်၊ အကြမ်းဖက်မှုကိုပဲ ဖြစ်ဖြစ် တကယ့်ကို မမြင်ချင်တာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ယန်ဆာကီက ပြောကြားခဲ့သည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ၏ ရှေ့နေတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ သူတို့၏တိုင်ကြားစာသည် အရေးပေါ် အခြေအနေကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် အဓိကထားမည်ဟုဆိုသည်။ ဆန္ဒပြရာနေရာများတွင် ပစ်ခတ်မှုများနှင့် ဗုံးခွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုများအပေါ် စိုးရိမ်သောကြောင့် မဲရုံများဖွင့်လှစ်ရန် အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းကြေညာချက်အောက်တွင် ရွေးကောက်ပွဲကျင်းပခဲ့မှုက လွတ်လပ်၍ တရားမျှတမှု မရှိကြောင်းနှင့် ဖြူထိုင်းပါတီကို ဖျက်သိမ်းပြီး အလုပ်အမှုဆောင်များကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ၏ရှေ့နေ ၀ီရက်ကလျာသီရိက ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...