Friday, August 30, 2013

ဆီးရီးယားကို တုံ့ပြန်မည့် အစီအစဉ် မဆုံးဖြတ်ရသေးဟု အိုဘားမား ပြောကြား



Friday, August 30, 2013

ဆီးရီးယား အစိုးရသည် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဓာတုလက်နက် သုံး၍ ဆီးရီးယား ပြည်သူများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်တို့က ဆီးရီးယား အစိုးရကို စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း ဆီရီးယားကို
ပြန်လည် တုံ့ပြန်မည့် အစီအစဉ်ကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ကြောင်း CNA သတင်းတွင်
ဖော်ပြထားသည်။

လွန်ခဲ့သော သီတင်းပတ် အတွင်းက ဓာတုလက်နက်သုံး တိုက်ခိုက်ခြင်း ၏ နောက်ကွယ်တွင် ဆီးရီးယား အစိုးရ ပါဝင်သည်ဟု အမေရိကန်အနေနှင့် ယူဆကြောင်းကိုလည်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားသည်။

အမေရိကန် ရုပ်မြင်သံကြားမှ တစ်ဆင့် ပြောကြားရာတွင် ဓာတုလက်နက်ကို အသုံးပြုခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဆီရီးယားကို သတိပေးသော လုပ်ရပ် အပြောအဆိုများ ပြုလုပ်ခြင်းသည် ဆီရီးယား ပြည်တွင်းစစ်တွင် ကောင်းသော အကျိုးသက်ရောက်မှု များ ဖြစ်လာနိုင် ကြောင်း ၎င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်လည်း ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မည့် ၎င်း၏ အစီအစဉ်ကို ပြန်လည် ပယ်ဖျက်ရန် ပြည်တွင်း ပြည်ပ ဖိအားများနှင့် တွေ့ကြုံနေရသည်။

ဆီးရီးယားအစိုးရသည် ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း ယူဆရမှုကို တုံ့ပြန်မည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန် ပါလီမန်တွင် အတိုက်အခံ လေဘာ ပါတီ အမတ်များ သာမက ၎င်း၏ ကွန်ဆာဗေး တစ် ပါတီမှ အမတ်အချို့၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရသည်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို ထောက်ခံသူများနှင့် အတိုက်အခံ အမတ်များအကြား နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီးနောက် ဆီးရီးယားကို စစ်ရေးဖြင့် အရေးယူ တိုက်ခိုက်ခြင်း မပြုမီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့် ကုလ လက်နက် စုံစမ်းရေးမှူးများ တွေ့ရှိချက်များကို စောင့်စား ကြည့်ရှုသင့်သည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ အစိုးရအဖွဲ့က သဘော တူညီခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်အနေနှင့် ဆီးရီးယားကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်မည့် ကိစ္စနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ပါလီမန်၌ ထပ်မံ မဲခွဲ ဆုံးဖြတ်မည် ဖြစ်သည်။

ဆီးရီးယားပြည်သူများအပေါ် ဓာတုလက်နက် သုံး၍ တိုက်ခိုက်ခဲ့သည့် ဆီးရီးယား အစိုးရပေါ် ဗြိတိန် အနေနှင့် စိန်ခေါ်ရန် ပျက်ကွက်ခဲ့ပါက ဗြိတိန်၏ အမျိုးသားရေး လုံခြုံမှုကို အားနည်းစေကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်က အစောပိုင်းက ပြောကြား ထားသည်။

ဆီးရီးယား အစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းနှင့် ပတ်သက်၍ အရေးယူမှု ပြုလုပ်ရန် ကုလ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ကို ဗြိတိန်က တွန်းအားပေးလျက် ရှိသော်လည်း ဆီးရီးယား၏ မဟာမိတ် ရုရှားက ဆီးရီးယားအပေါ် အရေးယူမှု ပြုလုပ်ရန် ကိစ္စကို ငြင်းဆန်လျက် ရှိသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက် အသုံးပြုခြင်း ရှိ မရှိနှင့် ပတ်သက်၍ ကုလသမဂ္ဂ စုံစမ်းရေးမှူးများ အနေနှင့် အချိန် လေးရက်ခန့် ထပ်မံ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ရရှိထားသော အထောက်အထား အားလုံးကို ကြည့်၍ ဆီးရီးယား အတိုက်အခံများတွင်း ယင်းကဲ့သို့သော ဓာတုလက်နက် မရှိကြောင်း၊ ဆီးရီးယား အစိုးရသာ ဓာတုလက်နက်ကို သုံးခြင်း ဖြစ်ကြောင်း၊ ဒီအတွက် ဆီးရီးယား အစိုးရနေနှင့် နိုင်ငံတကာ၏ အကျိုးဆက်များ ကြုံတွေ့မည်ဖြစ်ရာ အမေရိကန်သည် ၎င်း၏ မဟာမိတ်များနှင့် ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း အမေရိကန် သမ္မတ အိုဘားမားက PBS ရုပ်သံကို ပြောကြားသည်။

လူထုသဘောထား စစ်တမ်းများအရ ဆီးရီးယားကို အမေရိကန်က စစ်ရေး အရ ဝင်ရောက်စွက်ဖက်ရန် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ပြည်သူများ ကမူ စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။

ထို့ပြင် အမေရိကန်သမ္မတ အိုးဘားမားထံသို့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ် ၁၁၀ ကျော် တို့က လက်မှတ် ရေးထိုး၍ ပေးပို့သော စာတွင် ဆီးရီးယားနှင့် ပတ်သက်၍ မည်သည့် လုပ်ရပ်မျိုး ပြုလုပ်သည် ဖြစ်စေ လွှတ်တော်၏ သဘောတူညီချက် ရယူရန် တောင်းဆိုထားသည်။

ဆီးရီးယားနှင့် ပတ်သက်၍ စစ်ရေးအရ တိုက်ခိုက်မှုကို အမေရိကန် တစ်ဦးတည်းက ပြုလုပ်မည် မဟုတ်ဟုလည်း အမေရိကန် အစိုးရက ပြောကြားထားသည်။

အမေရိကန်၏ အနီးကပ် မဟာမိတ်ဖြစ်သော ဗြိတိန်ကလည် ဆီးရီးယားတွင် စစ်ဆေးနေသော ကုလသမဂ္ဂ လက်နက် စုံစမ်းစစ်ဆေးရေးမှုများ၏ အဖြေကို စောင့်စားမည် ဖြစ်ကြောင်း သဘောတူညီ ထားသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...