Friday, August 30, 2013

စာဖတ်စေချင် နိုင်ငံတစ်ခွင်



စာရေးသူသည် အလုပ်မအားသည့်ကြားက စာရေးချင်စိတ် စာဖတ်ချင်စိတ်ပေါ်ပေါက်လာသောအခါ တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ခံစားရ၏။ ထို့ကြောင့် စာရေးစာဖတ်ရန်အတွက် အကွက်ချောင်းနေရလေ၏။ နောက်ဆုံး၌ မိမိလုပ်စရာရှိသည်များကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ရလေသည်။ အချိန်အားဖြင့်ကြည့်လျှင် စာရေးသူအတွက် အချိန်သည် လွန်စွာတိုတောင်းလွန်းပါ၏။ အလုပ်လုပ်နေသူအဖို့ အချိန်သည် ခဏကလေးနှင့် ကုန်ဆုံးသွားတတ်သည်ဟု စာဖတ်သူများလည်း ခံစားမိဖူးပေမည်။ ထိုကဲ့သို့သောအခါတွင် မိမိအတွက် အချိန်သည် မည်မျှအရေးကြီးကြောင်းကို ပို၍ထင်ရှားစွာ မြင်လာတတ်ပေသည်။ စာရေးသူငယ်ငယ် အလယ်တန်းကျောင်းသားအရွယ်မှစ၍ ဒိုင်ယာရီရေးခြင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့ခြင်းကြောင့် ယခုအခါတွင် ဤကဲ့သို့ နေမထိထိုင်မသာ ဖြစ်ရသည်ဟုလော ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်မိပါ၏။ မှန်ချင်လည်း မှန်နေပါလိမ့်မည်။ ထို့ကြောင့်ပင် ယခု သည်စာကို ရေးမိခြင်းဟုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ တကယ်တော့ စာဖတ်ခြင်း စာရေးခြင်းဟူသော အပြုအမူသည် အရွယ်ပိုင်းခြား၍ ကန့်သတ်ထားမှု မရှိသည် မဟုတ်ပါလော။

စာဖတ်ခြင်းထက် စာရေးခြင်းက အနည်းငယ်မျှ ခက်ခဲသည်ဟုလည်း ဆိုချင်ပါသေးသည်။ မည်သည့်စာရေးဆရာရေးသည်ဖြစ်စေ စာဖတ်သူအတွက် စာဖတ်ခြင်းက လွယ်ကူပါ၏။ သို့သော် စာရေးရန်အတွက်မူ အလိုလို အခက်တွေ့နေတတ်ကြသည်ကို စာဖတ်သူများ သိပြီးသားပင်။ ထို့ကြောင့် ကျွန်တော်၏ ဖွင့်ဆိုချက်သည် လွဲမည်မဟုတ်ဟု မျှော်လင့်မိပါသည်။

စာဖတ်ခြင်းဟု ဆိုကြရာဝယ် စာပေအမျိုးအစားကို ရွေးတတ်ကြသော လူတချို့လည်း ရှိနေပြန်သေး၏။ အချို့ သမိုင်းစာပေများကို အားသန်၏။ အချို့က အတွေးအခေါ်နှင့် တက်ကျမ်းဟုခေါ်သော စာပေမျိုး၊ အချို့ကမူ ဝတ္ထုစာပေအမျိုးအစားနှင့် ကဗျာစာပေ စသည်ဖြင့် ရွေးဖတ်ကြ၏။ အမှန်တကယ်တော့ စာပေဟူသည် ညစ်ညမ်းသည့်သဘောဆောင်သော အမျိုးအစားမှလွဲ၍ မည်သည့်စာပေကိုမဆို လေ့လာသင့်သော အရာတစ်ခုဖြစ်ပါ၏။ စာပေမှတစ်ဆင့် အမျိုးမျိုးသော ဗဟုသုတ အတွေးအခေါ်များကို ရယူနိုင်ပေ၏။

စာရေးသူ၏မိတ်ဆွေ နယ်သာလန်နိုင်သားတစ်ဦးကို ပြောဖူးသည်။ စကားစပ်မိသည်က တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်းကို မိမိကရှင်းပြရင်းမှ အစဖြစ်သည်။ ဗုဒ္ဓသာသနာတော်၏ မွန်မြတ်ခြင်းနှင့် ရှေးရှေးသောရဟန်းသံဃာတော်မထေရ်မြတ်ကြီးတို့၏ မွန်မြတ်သောစိတ်နှလုံးတို့ကို ပြောပြဖြစ်သည်။ ထို့ကြောင့် သီရိလင်္ကာဆရာတော်ကြီးတစ်ပါးက ဗုဒ္ဓအားThe more i know him. The more i love him. ဟု တင်စားခံယူခဲ့သည်ကို မှတ်သားဖူးကြောင်း ပြောပြဖြစ်သည်။ ထိုစကားလုံးလေးကို အစွဲပြု၍ The more you read the books, the more knowledge you get.-ဟု သူ့အား စာရေးသူပြောခဲ့သည်ကို မှတ်မိနေပါသေး၏။ စာပေမှ ဗဟုသုတများစွာကို ရနိုင်ပါသည် မဟုတ်ပါ၏လော။

သို့သော် စာဖတ်ဖန်များလာသောအခါ စာရေးရန်အတွက် လွယ်ကူတတ်သည်ဟုလည်း ဆိုချင်ပါသေးသည်။ ထိုစာဖတ်ခြင်းမှ အတွေးအခေါ်တိုးတက်ခြင်းနှင့်အတူ စာရေးဆရာများ၏ စာပေရေးသာဟန်ကိုလည်း တွေ့မြင်နိုင်ပါ၏။ ထိုကဲ့သို့ စာရေးဆရာများ၏ ရေးသားဟန်ကို လေ့လာမှတ်သား၍ မိမိကိုယ်တိုင်လည်း စာရေးဆရာများနည်းတူ ရေးသားနိုင်သည်ကို ကိုယ်ကိုယ်တိုင် လေ့လာဆင်ခြင်နည်းယူနိုင်ပါသည်။ ထို့ကြောင့် စာဖတ်ခြင်းနှင့်အတူ စာရေးခြင်း ဓလေ့မူကိုလည်း နည်းယူမှတ်သားသင့်သည်ဟု ဆိုချင်ပါသည်။ မိမိ၏အတွေးအခေါ်များကို မိမိကဲ့သို့သော စာဖတ်သူများအား မျှဝေခြင်းဖြင့်ပင် ကိုယ်ကိုယ်တိုင် စာရေးသူအဖြစ် ဖြစ်လာမှန်းမသိ ဖြစ်လာခဲ့ကြသောသူများ စာရေးဆရာများရှိသည်ကို ငြင်းဆိုဖွယ်ရာ မရှိပေ။ တစ်ခုပဲရှိပါသည်။ ထိုအရာကား စာရေးလိုလျှင် စာများများဖတ်ရပေမည်။

စာပေဟူသည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဂုဏ်ရည်ကို ဖော်ဆောင်သောကဏ္ဍတစ်ရပ်လည်း ဖြစ်ပါ၏။ ထိုကြောင့် စာပေကဏ္ဍကို ခိုင်မာမြင့်မားနိုင်စေရန် စာရေးသူ စာဖတ်သူများတင် မဟုတ်ပဲ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များကလည်း အားပေးမြှောက်စားရန် လိုအပ်ပါပေသည်။ စာပေကို ထိမ်းချုပ်ခြင်း တားဆီးခြင်းများ ရှောင်ရှားသင့်သည်။ လူတစ်ဦးတစ်ယောက်တွင် ပုံမှန်အားဖြင့် စွမ်းအားမြင့်မားသည့် ပင်ကိုယ်အတွေးအခေါ်များ ရှိနေတတ်သည်ကိုလည်း လေ့လာရှုမြင်နိုင်ပါသည်။ ထိုအတွေးအခေါ်ကိုပင် လူသားအရင်းမြစ်ဟုလည်း ဆိုနိုင်ပါသေးသည်။ မိမိရရှိထားသော အတွေးအခေါ်ဖြင့်ပင် အများအကျိုးအတွက်ဟူသော စေတနာဖြင့် စာပေမှတဆင့် စာဖတ်သူများသို့ လက်ဆင့်ကမ်း ဝေငှခြင်းသည် အလွန့်အလွန် မွန်မြတ်သော အလုပ်တစ်ခုဖြစ်ပေသည်။

စာပေတွင် မည်သည့်လူမျိုး မည်သည့်စာပေမဆို သိမ်မွေ့နူးညံ့ခြင်း၊ ယဉ်ကျေးလိမ္မာစေခြင်း၊ အတွေးအခေါ် ရင့်ကျက်စေခြင်း စသည့်အကျိုးကျေးဇူးများရှိသည်ကို စာဖတ်သူများ သိပြီးဖြစ်ပါ၏။ စာပေအရည်အသွေး နိမ့်ပါသောနိုင်ငံဟူ၍ မရှိသလောက် ရှားပါ၏။ ပညာရေးစံနစ်တွင် အဓိကထား အားမပေးနိုင်၍သာ နိုင်ငံတကာ၏လေ့လာမှုအရ ပညာရေးနောက်ကျသည်ဟု ရှိချင်ရှိပါလိမ့်မည်။ စာပေနောက်ကျသည်ဟူ၍ မတွေ့ရှိခဲ့။ သို့သော် မိခင်ဘာသာစကားနှင့် မိခင်စာပေကိုတော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းစောင့်ရှောက်လျက် လက်ဆင့်ကမ်းအပ်ပေသည်။ ထို့ကြောင့် စာပေလွတ်လပ်ရေးသည် အရေးပါသော အဓိကအချက်ကြီး ဖြစ်ပေသည်။

စာရေးသူ၏ အတွေ့အကြုံတစ်ခုကို တင်ပြပါဦးမည်။ ချစ်စရာကောင်း၍ လေးစားထိုက်သော အလေ့အကျင့်ကလေးဖြစ်ပါသည်။ အခြားအကြောင်းအရာ မဟုတ်။ စာဖတ်ခြင်းအလေ့အထနှင့်သက်ဆိုင်သော အကျင့်ဖြစ်ပါသည်။ ဧပြီလ ၂၀၁၃ ကဖြစ်သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို ရန်ကုန်မြို့ စာပေဗိမာန်အဆောက်အအုံတွင် ကျင်းပသည်။ ထိုအစည်းအဝေးမှတဆင့် စာရေးသူနှင့် သားအမိသဖွယ် ခင်မင်ရင်းနှီးသော စာရေးဆရာကြီးတစ်ဦးက သူ့အိမ်သို့လိုက်လည်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့ဖြင့် စာရေးသူနှင့်အတူ သူငယ်ချင်းစာရေးဆရာမတစ်ဦး သူ့အိမ်သို့ လိုက်ပါသွားကြသည်။ အလွန်ပျူငှာတတ်သော သူ့အကျင့်ကို စာရေးသူလေးစားမိပါ၏။ သူတင်မဟုတ် သူ့မိသားစု အားလုံးကလည်း သူနှင့်အတူတူပင်။ သူ့အိမ်တွင် စာအုပ်ပေါင်းများစွာကို ဗီရိုဖြင့် တခမ်းတနား သပ်ရပ်လှပစွာ တွေ့ရ၏။ နိုင်ငံတကာမှ စာအုပ်မျိုးစုံလည်း ရှိ၏။ စာရေးသူသည် ထိုစာအုပ်များကို ငေးမောရင်း မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ဖတ်ရှုလေ့လာစုဆောင်းရမည်ကို သတိရစေမိပါသည်။ ပို၍ ချစ်စရာကောင်းနေသည်မှာ ဆရာမကြီး၏ အိမ်၏ အိမ်သာထဲ၌ပင် စာအုပ်စင်သေးသေးလေးတစ်ခုရှိနေသည်က အံ့သြစရာလည်းကောင်း ချစ်စရာလည်းကောင်းလှပေသည်။ အိမ်သာထဲက စာအုပ်စင်ပေါ်၌ စာအုပ်အနည်းငယ်မျှ ရှိသည်။ ဂျပန်လိုနိုင်ငံမျိုး စင်္ကာပူလိုနိုင်ငံမျိုးတွင် စာပေနှင့်ပတ်သက်၍ အထူးအလေးပေး မြှောက်စားကြသည်ကို သူတို့နိုင်ငံ၏ စာကြည့်တိုက်များက သက်သေအဖြစ် နမူနာပြထားကြလေသည်။ ဂျပန်၌ ဘတ်စ်ကားပေါ်တွင် စာဖတ်နိုင်စေရန် လမ်းဘေးဘတ်စ်ကားမှတ်တိုင်များ၌ စာကြည့်တိုက်အသေးစားကလေးများ ထားပေးသည်။ စင်္ကာပူရှိ စာကြည့်တိုက်တွင် အသက်အရွယ်အလိုက် စာပေလေ့လာလိုက်စားနိုင်စေရန် စည်းစံနစ်ကျနစွာဖြင့် ဖွဲ့စည်းထားပုံမှာ အတုယူအားကျဖွယ်ရာ ဖြစ်သည့်အပြင် စာကြည့်တိုက်အတွင်း၌လည်း စာပေလမ်းညွှန်ဝန်ထမ်းပုံစံမျိုးများ ထားပေးသည်မှာ မည်စာဖတ်သူများအတွက် မည်မျှအားတက်ဖွယ်ပါနည်း။

ဆရာမကြီးသည် ဧည့်ခန်းတွင် သူရေးခဲ့သော စာအုပ်များအကြောင်း၊ သူဖတ်ခဲ့သော စာပေများအကြောင်းကို တဆင့်ဝေငှ အသိမျှကာ ပြောပြ၏။ စာရေးသူတို့မှာ သူဟောသောစာပေဟောပြောပွဲတစ်ခုကို တက်ရောက်နားထောင်နေရသည်နှင့်ပင်တူနေသေး၏။ မည်မျှကြည်နူးဖွယ် ကောင်းပါသနည်း။ သူပြောပြသော အကြောင်းအရာတို့တွင် စာပေချစ်မြတ်နိုးစိတ် တိုးပွားလာစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရှေးခောတ်စာပေဟောပြောပွဲများအကြောင်းကို မလေ့လာ နားမထောင်ဖူးပေမယ့် ယခုခောတ် စာပေဟောပြောပွဲများကို အတန်အသင့် သွားရောက်နားထောင်ဖူးပါသည်။ အချို့စာပေဟောပြောပွဲများသည် စာပေရေးရာကိစ္စများထက် နိုင်ငံရေးတရားဟောနေသကဲ့သို့လည်း ရှိနေပါ၏။ မည်သို့ပင်ဆိုစေ အကျိုးယုတ်သော ဟောပြောပွဲများ ဖြစ်မနေ၍ အားပေးသင့် လုပ်ဆောင်သင့်သော အရာများဖြစ်ပါသည်။ ယခင်က နိုင်ငံရေးကို ယခုကဲ့သို့ ပွင့်လင်းရဲတင်းစွာ မဟောပြောနိုင်။ ထို့ကြောင့် စာပေဟောပြောပွဲနှင့် ဆက်နွယ်၍ ဟောပြောသင့်သည်များကို ဟောပြောခြင်းသည်လည်း လွန်ရာမကျဟု ထင်မိ၏။ နိုင်ငံရေး စီးပွားရေးမဖက် စာအကြောင်းပေအကြောင်း သီးသန့်သာ ဟောပြောသော ပွဲများကိုတော့ လိုလားတောင့်တနေမိပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည် ယခုမှ လမ်းစလျှောက်တတ်သော လူမမည်ကလေးအရွယ်မျှသာရှိနေသေးသဖြင့် ထိုကဲ့သို့ စာပေဟာပြောပွဲများတွင် ယခုကဲ့သို့ နိုင်ငံရေးအကြောင်းများကို ထည့်သွင်းပြောကြားနေရသည်ဟုလည်း ထင်မြင်မိပေသည်။ နိုင်ငံလမ်းဖြောင့်သွားလျှင်တော့ စာပေဟောပြောပွဲရလာဒ်များတွင် စာဖတ်သူများ တိုးပွားလာမည်ဟု မျှော်လင့်ရင်း ဤဆောင်းပါးအား နိဂုံးချုပ်လိုက်ရပါ၏။

မင်းကြည်ညို

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...