Friday, August 30, 2013

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး



Friday, August 30, 2013

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်
တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်
တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...