ဤဆောင်းပါးကို ရေးဖို့တွန့်ဆုတ် တွေဝေနေဆဲမှာပဲ ဂျာနယ်အဟောင်း (ရက်လွန်ဂျာနယ်) တစ်စောင်ထဲက ဆရာမောင်ဆွေသက်ရဲ့ ”တာဝန်ကိုယ်စီ” ဆောင်းပါး ကိုဖတ် မိပြီး ရေးဖြစ်သွားရပါတယ်။ Popular News ဂျာနယ်ပါ။ Vol.5, No.5, January 31, 2013 နေ့ထုတ်၊ စာမျက်နှာ ၂၇ မှာပါ။ ကျွန်မ ရင်ထဲမှာလည်း ခံစားချက်ပြင်း ထန်နေချိန်နဲ့ တိုက်ဆိုင်သွားတာမို့ စေ့ဆော်မှု တစ်ခုဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လမ်းညွှန် စာအ ချက်အလက်ကို ဖတ်ရင်း ယနေ့ဝန်ထမ်းများ အတွက် ဝမ်းသာကြောင်း ရေးသားခြင်းဖြစ်ပါ တယ်။ အစိုးရအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု စနစ်ကောင်းမွန်ေ အာင် ပြုပြင်ပြောင်းလဲဆောင် ရွက်ရေး ညွှန်ကြားချက်ဖြစ်ပါတယ်။
ဝန်ထမ်းများအား သတ်မှတ်ရုံးချိန် အတွင်းမှာသာတာဝန်ပေးရန်နှင့် အရေး ကြီးလုပ်ဆောင်ရန် လုပ်ငန်းများရှိ၍ အချိန်ပိုဆောင်ရွက်ရန်လိုအပ်ပါက ည ၇ နာရီအချိန် ပြန် လည်ခေါ်ယူ၍ တာဝန် ပေးရန်၊ အမှန်တကယ်လိုအပ်မည့် ဝန် ထမ်းကိုသာ အချိန်ကန့်သတ် တာဝန်ပေး ရန်၊ တစ်ရုံးလုံး တစ်ဌာနလုံး ခေါ်ယူခြင်း မပြုရန်.. အသေး စိတ် ညွှန်ကြားထားခြင်းဖြစ် ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ဂျူတီကျချိန် မှာ ထိုစာဝင်လာတာကြောင့် ပါမောက္ခဆရာမ ကြီးနဲ့အတူ ကျွန်မဖတ်လိုက်ရတဲ့စာလည်း ဖြစ် ပါတယ်။ ထိုစာထဲမှာ ဝန်ထမ်းတွေကို လိုအပ် လျှင် လိုအပ်သလို သက်သာချောင်ချိရေးအတွက် အပိုဝင်ငွေများပေးရန် လမ်းညွှန်ချက်လည်းပါပါတယ်။ လမ်းညွှန်စာ တရားဝင်ပို့သော်လည်း တကယ် လုပ်ဆောင်မှုရှိ၊ မရှိဆိုတဲ့အပိုင်းကို ကျွန်မက ပြောချင်တာပါ။ ကျွန်မက ရန်ကုန် တက္ကသိုလ်က ကထိကတစ်ဦးပါ။ ရန်ကုန်တက္က သိုလ်ဆိုတာ သမိုင်းဝင် တက္ကသိုလ်ပါ။ ကမ္ဘာက အသိအမှတ်ပြုခဲ့ဖူးတဲ့ တက္ကသိုလ်ကြီးပါ။ ဒါကို အားလုံး သိပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကိုတော့ အား လုံးအသေးစိတ် မသိနိုင်ပါဘူး။ ဧပြီလ ၁ ရက် နေ့ကစပြီး တက္ကသိုလ်ဝင်တန်း စာစစ်ဝင်ရပါ တယ်။ အဲဒီမတိုင်မီမှာလည်း အချို့ဆရာ၊ ဆရာမတွေက Code ထုတဲ့ လုပ်ငန်းမှာ နေ့မအား၊ ညမအား လုပ်ရပြန်ပါတယ်။ တက္ကသိုလ် ဝင်တန်း စာစစ်တာကလည်း ဧပြီ ၁၂ ရက်နေ့မှ အမှတ်သွင်းပြီးကြတာပါ။ ပြက္ခဒိန်မှာတော့ ဧပြီ ၁၂ ရက်ဟာ အနီရောင်ဖြစ်သွားပါပြီ။ နှစ်သစ် ကူးရုံးပိတ်ရက်စပြီဆိုတဲ့ သဘောပေါ့။ ဒါက အရေးကြီးလုပ်ဆောင်ရန် လုပ်ငန်းရှိလို့ အချိန်ပို ဆောင်ရွက်ရတာ နားလည်ပါ တယ်။ လုပ်လာ တာကြာပြီ။ ဘယ်တုန်းကမှလည်း အသံမထွက်ခဲ့ ကြပါဘူး။ ဒီနှစ်က ထူးဆန်းတယ်။
နိုင်ငံတော် အစိုးရကလည်း ကောင်းမွန်သော အစိုးရ၊ သန့် ရှင်းသော အစိုးရဖြစ်အောင် အမျိုးမျိုးညွှန်ကြား စာတွေထုတ်၊ ဥပဒေတွေ ပြင်နေတာ အားရစရာ ပါ။ သို့ပေမဲ့ ခေါက်ရိုးကျိုး…အဲ ခေါက်ရိုးကျိုးရုံ မက ပြတ်တဲ့အဆင့်ရောက်နေသူ အချို့ကြောင့် လက်အောက်ဝန်ထမ်းတွေလည်း အတော်စိတ် ပျက်ကြရပါတယ်။ ဘာတဲ့ .’ပိတ်ရက် ကာလအ တွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင် ရွက်စေရေး’…ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျူတီစောင့် ရမတဲ့။ ရုံးချိန်အတွင်း ဌာနမှာ စောင့်ရမတဲ့။ ရုံး ပိတ်ရက် ၁ဝ ရက်မှာ အလှည့်ကျ ဂျူတီစောင့်ရ မှာပါ။ သင်္ကြန်အကြိုနေ့ကနေ …ဧပြီ ၂၁ ရက်နေ့အထိ။ ကျွန်မနဲ့ လက်ထောက်ကထိက ဆရာမလေး တစ်ယောက်က ဧပြီ ၁၈ ရက်နေ့မှာ တာဝန်ကျပါတယ်။ တက္ကသိုလ်ဝင်တန်း စာ စစ်မှူး တာဝန်မှူုး တာဝန်ထမ်းဆောင်ဆဲ အချိန် မှာသိရှိကြောင်း လက်မှတ်ထိုးပေးလိုက်ရတယ်။ မနက်စောစော ၇ နာရီလောက်ကနေ ည ၇ နာရီလောက်အထိ အလုပ်လုပ်နေကြရတဲ့ ကျွန်မ တို့ဟာ အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ရက်တွေမှာ လာရောက် တာဝန် ထမ်းဆောင်ကြရမှာတဲ့။ ကျွန်မတို့က သင်္ကြန် ရက်တွေ ကျော်သွားလို့ သွားလာရေး အဆင်ပြေပေမယ့် သင်္ကြန်ရက်အတွင်း ဂျူတီ ကျသူတွေ ဘယ်လိုများ သွားလာကြသလဲ.. စဉ်းစားမိပါတယ်။ ကိုယ်ချင်းစာမိပါတယ်။
ဂျူတီစောင့်ခဲ့ရတဲ့ အတွေ့အကြုံလေးကို လည်း မျှဝေချင်ပါသေးတယ်။ ဌာနရုံးခန်းထဲမှာ ဌာနဖုန်းတစ်လုံးနဲ့ ကျွန်မတို့ ဆရာမနှစ်ယောက် ထိုင်နေရပါတယ်။ ကျွန်မက ဂျူတီခေါင်းဆောင် လေ။ တစ်ခုခုအန္တရာယ်ကြုံလာရင် ကြိုတင်ကာ ကွယ်နိုင်ဖို့ စီစဉ်ရပါတယ်။ ဌာနရုံးခန်းဘက်ချိုး ကွေ့တဲ့ ကော်ရစ်ဒါက သံဘာဂျာတံခါးကို စေ့ ထားလိုက်တယ်။ အဲဒီသံဘာဂျာတံခါးနားမှာ လူ လာရပ်ရင် မြင်ရတဲ့ခုံမှာ ကျွန်မက ထိုင်တယ်။ စကားပြောရင်း အဲဒီနားမှာ လူစိမ်းလာရပ်၊ မရပ် မျက်ခြည်မပြတ်အောင် ကြည့်နေရတယ်။ တစ်ခု ခုဖြစ်ရင် ရုံးခန်းအဝင်တံခါးကိုပိတ်ပြီး သက်ဆိုင် ရာကို ဖုန်းဆက်အကူအညီတောင်းမယ်လို့ စဉ်း စားထားပြီးသား။ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး ပေါ့။ သတိလက်လွတ်နေလိုက်လို့ တစ်ခုခု အန္တရာယ်ကြုံရင် ဘယ်လို လုပ်မလဲ။ ကျွန်မတို့ ဆရာမနှစ်ယောက်ရဲ့ လုံခြုံရေးကိုတော့ တာဝန် ရှိသူက ဘယ်သူ့ကိုမှ တာဝန်ပေးထားဟန် မတူပါဘူး။ လူသတ်မှုတွေက ပုံစံအမျိုးမျိုးနဲ့ ဖြစ် နေတာကို ဂျာနယ်တွေ ထဲမှာ ဖတ်ထားရတော့ ကြောက်တယ်။ ရုံးပိတ်ရက်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရေးဆိုတဲ့ ခေါင်း စဉ်နဲ့ ဂျူတီစောင့်ရပေမယ့် မည်သည့်လုပ်ငန်း ဆောင်တာကိုမှ လုပ်နေခြင်း မရှိရိုးအမှန်ပါ။ ထိုင်စ ကားပြောပြီး ရုံးချိန်ကုန်တော့ ပြန်လာ ကြပါတယ်။ သြော်… တစ်ခုပြောဖို့မေ့သွား တယ်။ ကျွန်မတို့ ဂျူတီစောင့်မစောင့် ဌာနဖုန်းကို ဆက်ပြီးမေးပါတယ်။ ကျွန်မနာ မည် ကို ပြော ပြရပါတယ်။ ကျွန်မတော်တော် အတာပဲ။ အခု ဖုန်းဆက်မေးတဲ့ သူကရော ဘယ်သူလဲ၊ ဘယ် ဌာနကလဲ၊ ဘာရာထူးလဲ.. ဆိုတာ ပြန်မေးလိုက် ရမှာ။ ကျွန်မထင်ပါတယ်။ သူလည်း ကျွန်မလိုပဲ ရုံးပိတ်ရက်မှာ ဂျူတီလာစောင့်တဲ့သူပဲဖြစ်မှာ။ ကျွန်မစဉ်းစားကြည့်မိတယ်။ ရုံးပိတ်ရက်အတွင်း လုပ်ငန်းများအရှိန် အဟုန်မ ပျက်ဆောင်ရွက် ရေးဟာ ဘာလဲလို့။
‘အဓိပ္ပာယ်မဲ့ ဂျူတီစောင့်ခြင်း’ လို့ အဖြေထွက်လာပါတယ်။ နိုင်ငံတော်အစိုးရက တရားဝင်ပိတ်ရက်သတ်မှတ်ထားချိန်မှာတောင် အလှည့်ကျ ဂျူတီထားတဲ့ ရန်ကုန် တက္ကသိုလ် ကြီးဟာ ကျောင်းဖွင့်ရက်မှာလည်း အလားတူ ဂျူတီတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ သံသယ ပွားစရာမလိုပါဘူး။ တွက်ကြည့်မိတယ်။ အ. ဆ.ည ဂျူတီ၊ ရုံးခန်းဂျူတီ၊ မိုဘိုင်းဂျူတီ၊ ဂိတ် ဂျူတီ၊ စာကြည့်တိုက်ဂျူတီ.. ဘာဂျူတီ၊ ညာ ဂျူတီ..စတဲ့ မပြီးဆုံးနိုင်တဲ့ ဂျူတီတွေ စောင့်နေ ကြရတာကို အထက်လူကြီးတွေက သိမှ သိပါ လေစ။ ဂျူတီတွေသာ စောင့်နေရတာ။ လူဝင် ပေါက်တွေက ဖွင့်တာမဟုတ်ဘူး။ ဂျပ်ဆင်ရှေ့က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းပိုင် တံခါးမကြီး တစ် ပေါက်ပဲ ဖွင့်တော့တာ။ ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းရဲ့ ဘုရားလူကြီးနေထိုင်တဲ့ အိမ်ခြံဝင်း တံခါး လူဝင်ပေါက်ကလေး ဖွင့်ပေးလို့သာ ကျွန်မတို့ဟာ ကျောင်းထဲကို အဆင်ပြေပြေ သွား လာနိုင်တာပါ။ အဲဒီ ဘုရားလူကြီးမိသားစုကို ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်း မိပါတယ်။ နောက်တစ်ချက် ပြောစရာရှိပါသေး တယ်။
ရန်ကုန်တက္ကသိုလ်ဟာ ဈေးဆိုင်ခန်းငှားခ တွေ၊ ဘွဲ့ နှင်းသဘင်ကျင်းပမှုအတွက် ကောက်ခံ ရရှိတဲ့ ဝင်ငွေတွေ.. စတာတွေနဲ့ ဝန်ထမ်းတွေ ကို သက်သာချောင်ချိရေး ဝင်ငွေရှာပေးလေ့ရှိပါ တယ်။ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်း ခင်လက်ထက်က နှစ်သစ်ကူးရုံးပိတ်ရက်မှာ လှူ တန်းဖို့ ဝန်ထမ်းတစ်ယောက်ကို နှစ်သောင်းပေးခဲ့ တာကို ရဖူးပါတယ်။ အင်္ဂလိပ်နှစ်ကူးရင်လည်း ပေးပါတယ်။ အခုတော့ အဲဒီငွေတွေဘယ်ရောက် ကုန်သလဲမသိပါဘူး။ ကျောင်းအတွက် စုထား တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မဘာကြောင့် ဒါတွေ ထည့်ရေးရတာလဲ။ ဒီငွေကို ကျွန်မ မက် မောလို့ ကျွန်မတစ်ယောက်တည်းအတွက် ဒီလို ရေးနေတာလည်း မဟုတ်ပါဘူး။ ကျွန်မတစ် ယော က်တည်း အကျိုးအတွက် ပြောနေတာ မဟုတ်ပါဘူး။ ဒီလိုရေးတဲ့အတွက် ကျွန်မ ကိုယ်ကျိုးကိုတောင် ထိခိုက်နိုင်တာ အားလုံး အသိပါ။ ဒါကြောင့်လည်း လူတွေက အမှန် ကို ပြောဖို့ရေးဖို့ တွန့်ဆုတ်နေကြတာဖြစ် ပါတယ်။
သူတို့က လိမ္မာပါးနပ် ကြတာပါ။ ဘယ်သူက အလုပ်ပြုတ်ခံချင်မှာလဲ။ မ ကောင်းတဲ့ နယ်စွန်နယ်ဖျားကို အပို့ခံချင် မှာလဲ။ ကျွန်မလည်း လူပဲ။ ကြောက်စိတ် ရှိတာပေါ့။ ဒါပေမဲ့ ဖြစ်လာသမျှ ငါခံမယ် ဆိုတဲ့ စိတ်ကို ရင်းပြီးရေးတာပါ။ ဒီလို ရေးလို့ ဘာဖြစ် နိုင်သလဲ..ဆိုတာ ကျွန်မအရင် စဉ်းစားပြီးသားပါ။ ထားတော့။ သက်သာချောင် ချိရေး ငွေအကြောင်း ဘာကြောင့် ထည့်ပြောရ သလဲဆိုရင် မြန်မာနှစ်သစ်မကူးခင်ကာလက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ စစ် ရတော့ အခြားတက္ကသိုလ်က ဆရာ၊ ဆရာမတွေ လည်း ရန်ကုန်တက္ကသိုလ်မှာ စာလာစစ်ကြပါ တယ်။ သူတို့ကျောင်းတွေက နှစ်သစ်ကူး ရုံးပိတ် ရက်တွေမှာ လှူဒါန်းဖို့ ငွေနှစ်သောင်းခွဲပေးတဲ့ အကြောင်း ပြောသံကြားရတော့ ရန်ကုန်တက္က သိုလ်က ဝန်ထမ်းတွေခမျာ ပါးစပ်ကလေး အ ဟောင်းသားနဲ့ပေါ့။ ကိုယ့်ကျောင်းက ပေးမလား မျှော်လင့်ကြတာပေါ့လေ။ ဝန်ထမ်းတစ်ယောက် က တော့ပြောပါတယ်။ တစ်ပြားမှ မပေးတာ လေးနှစ်လောက်ရှိပြီတဲ့။
ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာ ထဲမှာပါတဲ့အတိုင်း ဝန်ထမ်းတွေကို သက်သာချောင်ချိရေးငွေကြေးရှာပေးသင့်သလို တရားဝင် ရုံးပိတ်ရက်တွေမှာ ဂျူတီချ ထားပြီး အဲဒီဂျူတီကျ ဝန်ထမ်းရဲ့ လုံခြုံရေးအတွက်ကိုလည်းစဉ်းစားပေးမှသာလျှင် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရကိုဖော်ဆောင်တဲ့ ဒီမိုကရေစီ အစိုးရ အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယူဆမိပါတယ်။ duty ကို Oxford School Dictionary ထဲမှာ What you ought to do or must do … … လို့ဖွင့်ဆိုပြီး Dictionary တစ်အုပ်မှာတော့ Something that one must လို့ ဖွင့်ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘော Responsibility ကိုတော Something for which a person is responsible …လို့ ဖွင့်ဆိုပါတယ်။ တစ်စုံ တစ်ရာအတွက် တာဝန်ကျေပွန်မှုဆိုတဲ့သဘော။ အရည်မရ အဖတ်မရ ဂျူတီတွေ စောင့်ဖို့ထက် ကိုယ့်ရာထူးကိုယ့် ပညာနဲ့ လိုက်လျောညီထွေရှိတဲ့ တာဝန်သိမှု၊ တာဝန်ကျေမှုကသာ အရေးကြီးဆုံး လို့ ယူဆမိ တာကြောင့် ဤစာကို ရေးရခြင်းဖြစ် ပါတယ်။
စိမ်းစုစံ
0 comments:
Post a Comment