Friday, August 30, 2013

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအား ပြစ်မှုပြစ်ဒဏ် ပယ်ဖျက်ခြင်းနှင့် နိုင်ငံတော်မှ ကူညီထောက်ပံ့ခြင်း လုပ်ငန်းစဉ်များ ပါဝင်သည့် ဥပဒေကြမ်းအဖြစ် ပြန်လည်ပြင်ဆင်

Created on Thursday, 29 August 2013 23:12

၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းသည် အရပ်ဘက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေသဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်ရေးဆွဲသော ဥပဒေသစ် ထပ်မံရေးဆွဲ ပေးရန်နှင့် လက်ရှိတင်ပြထားသည့် ဥပဒေကြမ်းအား လွှတ်တော် လုပ်ထုံးလုပ်နည်း များအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း လုပ်ငန်းစဉ်များအား ရပ်ဆိုင်းပေးရန် အရပ်ဘက် အဖွဲ့အစည်း ၂၈၀ ကျော်မှ တောင်းဆိုခဲ့ပြီးနောက် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်းအား အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအဖြစ် အသစ်ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သြဂုတ် ၂၉ ရက်က သတင်းရရှိသည်။
လက်ရှိ ပြင်ဆင်လိုက်သည့် ဥပဒေကြမ်းအရ အသင်းအဖွဲ့များ အနေဖြင့် ယခင် ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်များ ပါဝင်မှု မရှိသည့်အပြင် နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ရယူခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များထံမှ လိုအပ်သည့် အကူအညီများ တောင်းခံခြင်း စသည့် လုပ်ငန်းစဉ်များအား အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။
ပြည်သူများ လေ့လာသိရှိ အကြံပြုနိုင်ရန် အစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည့် ဥပဒေကြမ်းမှာ အရပ်ဘက် အဖွဲ့အစည်းများ၏ ရပ်တည်မှုအား အချိန်မရွေး ဖမ်းဆီးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ ပါဝင်နေသဖြင့် အရပ်ဘက် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကော်မတီ၊ ကော်မရှင်များ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် အဆိုပါ ဥပဒေကြမ်းပါ အချက်များအား အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းစေရန် ပြင်ဆင် ထိန်းကျောင်းပေးသည့် ဥပဒေသာ ဖြစ်သင့်ကြောင်း တင်ပြခဲ့ပြီးနောက် လက်ရှိကာလတွင် အဆိုပါ ဥပဒေကြမ်းအား ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ယခု ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ယခင် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းအစား အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းဟု ဥပဒေ အမည်ကိုပါ ပြောင်းလဲခဲ့သည်။
ယခု ပြင်ဆင်သည့် ဥပဒေတွင် အရပ်ဘက် အဖွဲ့အစည်းများအား မှတ်ပုံမတင် မနေရ ဆိုသည့် အဓိပ္ပာယ် သက်ရောက်မှုများ မပါဝင်ဘဲ အသင်းအဖွဲ့ ဖွဲ့စည်းသူ၏ သဘောဆန္ဒ အရသာ မှတ်ပုံတင်ရန် လိုအပ်ခြင်း၊ ယခင် ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်များအား ပယ်ဖျက်ကာ အရပ်ဘက် အဖွဲ့အစည်းများ၏ အကျိုးခံစားခွင့်များ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ အကူအညီနှင့် လမ်းညွှန်မှု ရယူခြင်းများအား ထည့်သွင်း ဖော်ပြခဲ့သည်။
ယင်းအပြင် ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်သည့် အချက်များလည်း ထည့်သွင်းထားသည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် ဖွဲ့စည်းထားသည့် ကျောင်းသား သမဂ္ဂများ အနေဖြင့် ကျောင်းတွင်း လှုပ်ရှားမှုများအတွက် မှတ်ပုံတင်ရန် မလိုအပ်ဘဲ ကျောင်းပြင်ပတွင် လှုပ်ရှားဆောင်ရွက်မှသာ မှတ်ပုံတင်ရန် လိုအပ်ကြောင်းလည်း အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
လက်ရှိ ပြင်ဆင်လိုက်သည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုနိုင်ရန် အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်များတွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...