Wednesday, August 28, 2013

လူအယောက် ၄၀ စီးနင်းနိုင်မည့် ဇွဲကပင်ကောင်းကင်ကေဘယ်လ်ကား ကမ္ဘာ့အဆင့်မီတည်ဆောက်မည်

အဆိုပါစီမံကိန်းတည်ဆောက်ပြီးစီးသွားပါကအထက်အောက်၁၆၅၀မီတာရှိသည့်ဇွဲကပင်ဆံတော်ရှင်စေတီကို မိနစ်အနည်းငယ်အတွင်း သွားရောက်ဖူးမြော်နိုင်မည်ဖြစ်ပြီး ကရင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးလာမည့်အပြင် ဇွဲကပင်တောင်ကိုလည်း ကမ္ဘာကသတိထားလာကြမည်ကိုလည်း ရည်ရွယ်ကြောင်းသိရှိရသည်။
 ''ဒီစီမံကိန်းကို မလေးရှားနိုင်ငံအခြေစိုက်SMED-SDA-PHA ကုမ္ပဏီနဲ့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ စီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေကတော့အမေရိကန် ဒေါ်လာသန်း၂၀ကျော် ကုန်ကျမှာဖြစ်တယ်။ စီမံကိန်းတည်ဆောက်တဲ့အခါ လူအယောက်၄၀စီးနိုင်တဲ့ အကြီးစား Cable Car တစ်စီးပါဝင်ပြီး အချင်း၃၈မီလီမီတာရှိတဲ့ Cableကြိုးကို အသုံးပြုထားမှာဖြစ်တယ်။လိုအပ်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပစ္စည်းတွေကို ဆွစ်ဇာလန် နိုင်ငံနဲ့သြစတြေးလျနိုင်ငံတွေက မှာယူသွားမှာဖြစ်ပြီး ကမ္ဘာ့အဆင့်မီဖြစ်အောင် တည်ဆောက်သွားမှာပါ''ဟု စီမံကိန်းဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒေါ်တူးတူးမြင့်သိန်းက ပြောသည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်းအစည်းဝေးကို သြဂုတ် ၂၅ရက်  နံနက်ပိုင်းက ကရင်ပြည်နယ်ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ ကျင်းပခဲ့ပြီးညှိနှိုင်းအစည်းအ၀းကို စီမံကိန်းဖြစ်မြောက်ရေးအဖွဲ့ ပဓာနနာယကဆရာတော်ကြီးများ၊ စီမံကိန်းဖြစ် မြောက်ရေး ဗဟိုကော်မတီဝင်များ၊ စီမံကိန်းတည်ဆောက်ရေးပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြ သည်။
ဇွဲကပင်ဆံတော်ရှင်စေတီသို့ တက်ရောက်ဖူးမြော်ကြမည့်ဘုရားဖူးပြည်သူများ၏ အသက်အန္တရာယ်မကြုံတွေ့စေရန်အတွက် လုံခြုံရေးစနစ်များ တပ်ဆင်ထားပြီး လူ၄၀ကျော်ပါက CableCar အလုပ်မလုပ်သည့်စနစ်၊ အပေါ် ရပ်နားနေရာ၊ အောက်ရပ် နားရာနေရာများသို့ ရောက်မှသာတံခါးများဖွင့်ပိတ်လုပ်သည့်စနစ်၊ အတက်အဆင်းပြုလုပ်နေစဉ် လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်ပေါ်စေရန် ဂျင်နရေတာများအား အလိုအလျောက်လည်ပတ်စေသည့်စနစ်များ တပ်ဆင်သွားမည်ဟု သိရသည်။
'' ၀မ်းသာပါတယ်။ ဇွဲကပင်တောင်လိုမြင့်မားတဲ့ တောင်တွေမှာ ဆောက်ထားသင့်တယ်။ တရုတ်နိုင်ရှန်တုန်းပြည်နယ်က ထိုက်အန်းတောင်ဆိုရင်ပေ ပေါင်းလေးထောင်ကျော် လောက်မြင့်တယ်၊ အဲ့ဒီ တောင်ပေါ်မှာတရုတ်လူမျိုးတွေရဲ့အထွဋ္ဋ်အမြတ်ထားတဲ့ရှေး ဟောင်းယဉ်ကျေးမှုအမွေ အနှစ်တွေ ရှိတယ်၊ ကျိုက်ထီးရိုးတောင်ကို တက်ရသလိုတက်ရတယ်၊ ခြေကျင်တက်သူတွေက တောင်ဝှေးနဲ့ တက်ရတယ်၊ အဲဒီမှာကောင်းကင်ကေဘယ်လ်ကြိုးစနစ်တပ်ဆင်ထားပါတယ်၊နိုင်ငံခြားခရီးသွားတွေကိုတော့ ဒေါ်လာနဲ့ယူပါတယ်။ တောင်ထိပ်ကို ရောက်ဖို့ ကောင်းကင်ဘေဘယ်လ်ကား တစ်နာရီလောက် စီးရပါတယ်၊ ခရီးရောက်တဲ့နေရာကို အမြင့်ပေဘယ်လောက် မိုင် ဘယ်လောက် ရောက်နေပါပြီ၊အသက် အန္တရာယ်ဖြစ်နိုင်မဖြစ်နိုင်အမြဲတမ်း စက်တွေက ပြောပေးနေပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေကို အသက်အာမ ခံလည်းလုပ်ပေးထားပါတယ်၊ အဲဒါမျိုးစနစ်တွေကို လုပ်ပေးမယ်ဆိုရင် အခုစီမံကိန်းကပိုပြီး ကမ္ဘာ့အဆင့်မီဖြစ်လာမှာပါ''ဟု ရှန်းတုန်းပြည်နယ်ထိုက်အန်းတောင်သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ကိုနေမင်းသိုက်က အကြံပြုပြောကြားသည်။
ဇွဲကပင်တောင်ကောင်းကင်Cable Carစီမံကိန်းအတွက် သြဂုတ်၂၅ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စေတနာရှင် အလှူရှင်များက လှူဒါန်းငွေကျပ်သိန်း၇၃၀ကျော် ရရှိခဲ့ပြီးထပ်မံ၍ လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် စီမံကိန်းဖြစ် မြောက်ရေးဗဟိုကော်မတီဝင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်တူးတူးမြင့်သိန်း ဖုန်းနံပါတ်-၀၉၅၄၁၂၈၂၅နှင့်၀၉ ၄၃၂၀၁၀၉၀ ၊၀၉၈၇၃၁၀၀၈၊ ၀၉၅၁၃၁၈၄၆ ၊၀၉၄၃၁၁၁၁၈၊၀၉၅၁၂၂၄၅၉၊၀၉၈၇၃၀၆၉တို့ဆက်သွယ် လှူဒါန်းနိုင်သည်ဟု သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...