Wednesday, August 28, 2013

ယခင် MIC လက်ထက်တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် London စီးကရက် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်ပသို့ ရာခိုင်နှုန်း ၉၀ တင်ပို့နိုင်ခြင်း မရှိသေးဘဲ ပြည်တွင်း၌ စတင်ဖြန့်ဖြူး ရောင်းချနေ

ယခင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် လက်ထက်တွင် ခွင့်ပြုမိန့် ချထားပေးခဲ့သည့် London စီးကရက် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီမှာ ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာချက်များဖြင့် ကိုက်ညီမှု မရှိသေးဘဲ ပြည်တွင်း၌မူ စီးပွားဖြစ် စတင်ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
ပြည်ပသို့ ရာခိုင်နှုန်း ၉၀ တင်ပို့ရမည့် သတ်မှတ်ချက်အတိုင်း တင်ပို့ရခြင်း မရှိသေးဘဲ ပြည်တွင်း၌ စတင်ဖြန့်ဖြူး ရောင်းချနေသည့်အပေါ် ကော်မရှင်ကလည်း စိစစ်ကာ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ မြန်မာနိုင်ငံတွင် စီးကရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို British American Tobacco Myanmar Limited အား ချထားပေးခဲ့သည်။
ရွှေသံလွင် စက်မှုဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့် ပေးခြင်းဖြစ်ပြီး ယခင်က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုလုပ်ကိုင်လျက်ရှိသည့် IMU နှင့် ဖက်စပ်စနစ်ဖြင့် စီးကရက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုခြင်းလည်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၏ အခန်း (၂)၊ ပုဒ်မ (၄) အရ ကော်မရှင်သည် စီးပွားရေး လုပ်ငန်းများ သတ်မှတ်ရာတွင် နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုသည့် လုပ်ငန်းများ၊ နိုင်ငံသားနှင့် ဖက်စပ်စနစ်ဖြင့်သာ ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်အရသာ ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ကာ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၅) တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိသည့်အခါ ကော်မရှင်သည် သတ်မှတ်ထားသည့် စီးပွားရေး လုပ်ငန်းများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမည်ဟုလည်း ဆက်လက်ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၃ ကို ထုတ်ပြန်၍ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုသည့် လုပ်ငန်းများ၊ နိုင်ငံသားနှင့် ဖက်စပ်စနစ်ဖြင့်သာ ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တစ်ရပ်ရပ်အရသာ ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ခဲ့သည်။
ကော်မရှင်၏ သတ်မှတ်ချက်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာန၏ သဘောထား မှတ်ချက်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်း အမျိုးအစားများ စာရင်းခေါင်းစဉ်အောက်တွင် စီးကရက် ထုတ်လုပ်ခြင်း လုပ်ငန်းကို စက်မှုဝန်ကြီးဌာန သဘောထားမှတ်ချက်ဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။
ရွှေသံလွင် စက်မှုဇုန်တွင်လည်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ Global Alliance Industrial Company Limited အမည်ဖြင့် စီးကရက်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီး ရွှေသံလွင် ကုမ္ပဏီမှ တည်ထောင်ထားသော Sky Net ရုပ်သံလိုင်းမှ သင်္ကြန်ကာလက စီးကရက်ဖြန့်ဝေသည့် ပုံရိပ်များနှင့် စီးကရက် အမှတ်တံဆိပ်အား လက်ရှိတည်ဆဲ ဥပဒေ၊ အမိန့်ကြော်ငြာချက်များကို ချိုးဖောက်ကာ တစ်နိုင်ငံလုံးသို့ ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသမှုများ ရှိခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ခဲ့မှု အပေါ်၌လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိ . . . . .
စီးကရက် ထုတ်လုပ်ခြင်း လုပ်ကိုင်ပါက ကန့်သတ်ချက် အနေဖြင့် ပြည်တွင်းဆေးရွက်ကြီးများအား ပထမသုံးနှစ် ရာခိုင်နှုန်း ၅၀ အသုံးပြုခြင်း သို့မဟုတ် ပြည်တွင်းဆေးရွက်ကြီးများ ပြည်ပသို့ ရောင်းချခြင်းမှ ရရှိသော ၀င်ငွေဖြင့် ၀ယ်ယူရရှိသော ကုန်ကြမ်းများကို အနည်းဆုံး ရာခိုင်နှုန်း ၅၀ အသုံးပြု ထုတ်လုပ်ရမည်၊ ပြည်ပသို့ ရာခိုင်နှုန်း ၉၀ တင်ပို့ရမည်၊ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တွင် ပြည်တွင်းကုန်ကြမ်း အသုံးပြုမည့် အစီအစဉ်ဇယားနှင့် ပြည်ပတင်ပို့မည့် အစီအစဉ်ဇယား ထည့်သွင်းတင်ပြရမည်ဟု သတ်မှတ်ထားသည်။
British American Tobacco Myanmar Limited သည် London အမှတ်တံဆိပ် စီးကရက်အား ထုတ်လုပ်ရောင်းချနေပြီး ကော်မရှင် ၀န်ကြီးဌာနများမှ ခွင့်ပြုစဉ်က မည်သို့တင်ပို့ပြီး ပြည်တွင်း၌ မည်သို့ဖြန့်ဖြူးမည်ကို အတိအကျ မထုတ်ပြန်ထားသည့်အတွက် လက်ရှိအနေအထားအရ ဆိုပါက ဥပဒေအရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာပါ အချက်များနှင့် လွဲချော်နေသည်။
ပြည်ပသို့ တင်ပို့ခြင်း မပြုရသေးသော်လည်း ပြည်တွင်း၌ ဖြန့်ဖြူးရန်အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီးကြောင်း အထောက်အထားအဖြစ် ဘူးတွင်ကပ်နှိပ် အခွန်တံဆိပ်များကိုပင် ပြည်တွင်းအခွန် ဦးစီးဌာနမှ တစ်နှစ်လုံးအတွက် စီးကရက်ပုံးပမာဏ ၁၁၄၀၀၀ စာကို ထုတ်ယူရန် တောင်းခံထားပြီး ယခုအခါ ပုံးပေါင်း ၆၀၀၀၀ ကျော်အတွက် ထုတ်ယူပြီးဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ပုံးပေါင်း ၆၀၀၀၀ ကျော်အား ဖြန့်ဖြူးခဲ့သည် ဆိုပါလျှင် သို့မဟုတ် ဖြန့်ဖြူးမည်ဆိုလျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအရ ဆိုပါက စီးကရက်ပုံးပေါင်း ၅၄၀၀၀၀ ကျော်အား ပြည်ပသို့ ပို့ရမည်။
သို့သော် British American Tobacco Myanmar Limited အမည်ဖြင့် ဇူလိုင် ၃၁ ရက်အထိ ပို့ကုန်လိုင်စင်ပင် ရယူထားမှု မရှိသေးကြောင်း၊ ထို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာချက်ဖြင့် မညီကြောင်း၊ ယခုအခါ London စီးကရက်အား ဖြန့်ဖြူးရောင်းချလျက် ရှိသည်မှာ လချီရှိလာပြီဖြစ်ကြောင်း သိရသည်။
အကယ်၍ စိစစ်သည့်အခါ မကိုက်ညီပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ချိုးဖောက်သူအား သတိပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအား ယာယီရပ်ဆိုင်းခြင်း၊ ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ နောင်တွင် မည်သည့်ခွင့်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက် စီးပွားရေး လုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်းများကဲ့သို့ အရေးယူမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် အရက်၊ ဘီယာ၊ အဖျော်ယမကာ စက်ရုံပေါင်း ခုနစ်ရုံ၊ စီးကရက်စက်ရုံ နှစ်ရုံအား အသစ်ခွင့်ပြု ပေးခဲ့ကြောင်းလည်း သိရသည်။
အစိုးရသစ်လက်ထက် နှစ်နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်များသာ ထုတ်ပေးခဲ့ပြီး ပြန်လည်စစ်ဆေးမှုပိုင်းမှာမူ အားနည်းလျက်ရှိကြောင်း၊ ယခု ၂၀၁၃ ခုနှစ် ဇူလိုင်လ ရောက်ရှိမှသာ စိစစ်မှု ပြန်လုပ်နေသည်ဟုလည်း သိရသည်။
ယခင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဟောင်း၊ ယခုလက်ရှိ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်တွင် အဆိုပါ စီးကရက်လုပ်ငန်းကို ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ရွှေသံလွင် စက်မှုဇုန်တွင်လည်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ Global Alliance Industrial Company Limited အမည်ဖြင့် စီးကရက်စက်ရုံ တည်ထောင်လုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီး ရွှေသံလွင် ကုမ္ပဏီမှ တည်ထောင်ထားသော Sky Net ရုပ်သံလိုင်းမှ သင်္ကြန်ကာလက စီးကရက်ဖြန့်ဝေသည့် ပုံရိပ်များနှင့် စီးကရက် အမှတ်တံဆိပ်အား လက်ရှိတည်ဆဲ ဥပဒေ၊ အမိန့်ကြော်ငြာချက်များကို ချိုးဖောက်ကာ တစ်နိုင်ငံလုံးသို့ ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသမှုများ ရှိခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ခဲ့မှု အပေါ်၌လည်း အရေးယူမှု တစ်စုံတစ်ရာ မရှိဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...