Wednesday, September 4, 2013

တရုတ်နိုင်ငံသည် မြန် မာ နိုင်ငံ ၏ အကြီးဆုံး ရင်းနှီး မြှုပ်နှံသော နိုင်ငံဖြစ်


(၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်- အာဆီယံ  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (CABIS) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နန်နင်း မြို့ရှိ Nanning International Convention & Exhibition Centre ၌ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်း၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်း သမာဗောင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ် ရှင်နာဝပ်၊ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် H.E. Mr.Teo Choe Hean ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိ ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အပါအဝင် တရုတ် ပြည် သူ့ သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ သတင်း ဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။
ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် ကွန်မြူနစ် ပါတီ ကွမ်ရှီးကော်မတီ အတွင်းရေးမှူး Mr. Peng Qinghua၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. Mr. Zhong Shan နှင့် တရုတ် နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ် မှု မြှင့်တင်ရေး ကောင် စီ ဥက္ကဋ္ဌ Mr.Wan Ji Fei တို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။
ယင်းနောက် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအို ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် အာဆီယံ အတွင်းရေးမှူး ချုပ်တို့က  မိန့်ခွန်း ပြောကြား ကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာတွင် ယခုနှစ် ဆိုလျှင် တရုတ်- အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ကျင်းပခြင်း (၁ဝ) နှစ်ပြည့်မြောက် သည့်နှစ် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ်သည် အာဆီယံ- တရုတ် မဟာဗျူ ဟာမြောက် ဆက်ဆံရေး ထူထောင်ခြင်း (၁ဝ)နှစ် ပြည့်မြောက် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည့် အတွက် အာဆီယံ- တရုတ် ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရာ၌ အလွန် အရေးပါသည့် နှစ်ဖြစ်ပါကြောင်း။
ရွေးချယ်ထားသည့် ဆောင်ပုဒ်ဖြစ်သော '' အတိတ်၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ် တီထွင် ဖန်တီးရေး ''သည် ယခုလက်ရှိ အခြေအနေနှင့် အလွန်ကိုက်ညီမှု ရှိသည်ဟု ပြောကြား လိုပါကြောင်း၊ မိမိတို့ ဒေသသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ ဗဟိုချက် ဖြစ်လာသည့်အပြင် ကမ္ဘာ့ စီးပွားရေး၌ အရေးပါသော ဒေသဖြစ်လာ ပါကြောင်း။
အာဆီယံနှင့် တရုတ်နိုင်ငံ တို့၏ စီးပွားရေး တည်ငြိမ်မှုသည် ကမ္ဘာ့စီးပွားရေး အတွက် အလွန် အရေးပါလာ ပါကြောင်း၊ ဆယ်စုနှစ် နှစ်ခုအတွင်း အာဆီယံနှင့် တရုတ် ဆက်ဆံရေးသည် အောင်မြင်မှု များစွာ ရရှိခဲ့သည်ကို တွေ့မြင်ကြရ ပါကြောင်း၊ ချစ်ကြည် ရင်းနှီးပြီး အပြန်အလှန် ယုံကြည်မှုရှိသည့် အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံရေးမှ အစပြုပြီး မဟာဗျူဟာ ဆက်ဆံရေး အဆင့်ကို တိုးမြှင့်နိုင်ခဲ့ ပါကြောင်း၊ မိမိတို့ အနေဖြင့် နောင်အနာဂတ် မျိုးဆက်သစ်များ အတွက်  လက်ရှိ အာဆီယံ- တရုတ် ဆက်ဆံရေး အခြေအနေကို ပိုမိုခိုင်မြဲ လာအောင် ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါကြောင်း။
တရုတ်နိုင်ငံသည် ယခုအခါ အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံ သည်လည်း တရုတ် နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံ ဒေသကို တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု ပမာဏသည် သိသိသာသာ တိုးတက်လာပါကြောင်း၊ ထိုသို့ မြင့်တက်လာခြင်းသည် ကောင်းမွန်သည့် လက္ခဏာ ဖြစ်ပြီး ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ ၂ဝ၁ဝပြည့်နှစ်၌ အာဆီယံ- တရုတ် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေကို စတင် ထူထောင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ လူဦးရေ အများဆုံးနှင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး တတိယ အကြီးဆုံးရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာ ခဲ့ပါကြောင်း။
အာဆီယံ ပေါင်းစည်းရေးနှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်မှု၌ တရုတ်နိုင်ငံ၏ အားပေး ထောက်ခံမှုကို များစွာ ကြိုဆိုပါကြောင်း၊ ၂ဝ၁၅ခုနှစ်၌ အကောင်အထည် ပေါ်လာမည့် အာဆီယံ အသိုက်အဝန်းသည် အာဆီယံနှင့် တရုတ်ပြည်သူ များကို ပိုမိုရင်းနှီး စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ- တရုတ်ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အေးချမ်း သာယာရေးအတွက် အထောက်အကူ ပြုမည် ဖြစ်ပါကြောင်း။
မိမိတို့ အနေဖြင့် ပြည်သူများအကြား ပိုမိုရင်းနှီးမှု ရှိစေရေးအတွက် ပါလီမန် အမတ်များ၊ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် အခြားသက်ဆိုင်သူများ အကြား ပူးပေါင်း ဖလှယ်မှု တိုးမြှင့်သွားရန် လိုအပ်သည်ကို လည်း ပြောကြား လိုပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြောရမည်ဆိုလျှင် မိမိအနေဖြင့် ရှိရင်းစွဲ ''ဆွေမျိုး ပေါက်ဖော်'' ဆက်ဆံရေး တိုးတက်မှုအပေါ် ကျေနပ်အားရ သည်ကို ပြောကြား လိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံ ထားပါကြောင်း၊ ၂ဝ၁၂ ခုနှစ်၌   မြန်မာ- တရုတ် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ ရှိသော်လည်း အာဆီယံ- တရုတ် ကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏ ပါဝင်မှု အချိုးအစားသည် ၁ရာခိုင်နှုန်း ကျော်သာ ရှိသည့် အတွက် ကုန်သွယ်ရေး မြှင့်တင်ရန် ဆက်လက်ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း။
၂ဝ၁၃ ခုနှစ် ဇူလိုင်လ၌ မြန်မာ- တရုတ် နှစ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် မြန်မာနှင့် တရုတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ ထူးခြား အောင်မြင်မှု တစ်ရပ် ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် ကုန်စည် ပြပွဲသည် လယ်ယာ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများ အစရှိသည့် ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်ပေး နေပါကြောင်း၊ တရုတ် နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်နှင့် အညီ အစဉ်အလာ အရ တည်ရှိသည့် ခင်မင် ရင်းနှီးမှုကိုလည်း မိမိတို့ တန်ဖိုး ထားပါကြောင်း။
လာမည့် ၂ဝ၁၄ ခုနှစ်၌ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို စတင် ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ ပေါ်ထွက်လာမည့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ၂ဝ၁၄ ခုနှစ်သည် ကြိုတင်ပြင်ဆင်သည့် နောက်ဆုံးနှစ် ဖြစ်သည့်အတွက် အလွန် အရေးကြီးသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူချိန်၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြားရှိ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမို ခိုင်မာစေရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား ယဉ်ကျေးမှု ဖလှယ်ရေး ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း မိမိတို့ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူချိန်၌ ပိုမို တိုးမြှင့်နိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ (၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မှတ်တမ်းကို ဗီဒီယိုဖြင့် ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အစိုးရအဖွဲ့ အကြီး အကဲများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့သည် စင်မြင့်ပေါ်သို့ တက်ရောက် နေရာ ယူကြပြီး (၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် အာဆီယံ- တရုတ်လူငယ်အသင်း ချစ်ကြည်ရေး ဆိုင်ရာ အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ-တရုတ် သိပံ္ပနှင့် နည်းပညာ ဆိုင်ရာ အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ- တရုတ် ဆိပ်ကမ်းမြို့များ ကွန်ရက် တည်ထောင်မှု အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ- တရုတ်ကုန်သည်ကြီးများ အသင်း ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းတို့ကို သက်ဆိုင် ရာ တာဝန်ရှိသူများက တင်ပြခဲ့ကြသည်။
မွန်းလွဲ (၂)နာရီ (၁၅) မိနစ်တွင် နိုင်ငံတော် သမ္မတ နှင့်အဖွဲ့ဝင်များသည် (၁ဝ)ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည် ပြပွဲတွင် ပါဝင်ပြသမည့် မြန်မာကုန်စည် ပြခန်းဆောင် ဖွင့်ပွဲကို တက်ရောက် အားပေးသည်။
မြန်မာကုန်စည် ပြခန်းဆောင်ကို ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ ဦးဝင်းမြင်၊့ သံအမတ်ကြီး ဦးတင်ဦးနှင့် မြန်မာ ကုန်သည်/ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 
ယင်းနောက် နိုင်ငံတော် သမ္မတသည် မြန်မာကုန်စည် ပြခန်းဆောင်အတွင်း ခင်းကျင်းပြသ ထားသည့် မြန်မာ့ ထွက်ကုန် ပစ္စည်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယခုနှစ် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ၏ ကုန်စည်ဆိုင်ရာ ခန်းမဆောင်တွင် အာဆီယံ ကုန်စည် ကဏ္ဍနှင့် တရုတ် ကုန်စည် ကဏ္ဍဟူ၍ ကဏ္ဍ(၂)ခုဖြင့် ခင်းကျင်းပြသ ထားသည်။ အာဆီယံ ကုန်စည်ကဏ္ဍတွင် အာဆီယံ၏ အမှတ် တံဆိပ် ထုတ်ကုန်များ၊ စိုက်ပျိုးရေး အခြေခံ ထွက်ကုန်များနှင့် စားသောက်ကုန်များ၊ ပရိဘောဂ ပစ္စည်းများ၊ လက်မှု အနုပညာ ပစ္စည်းများနှင့် ကျောက်မျက် ရတနာများ၊ စားသုံးကုန် ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာများကို လည်းကောင်း၊ တရုတ်ကုန်စည် ကဏ္ဍတွင် ရေနှင့် စက်ပစ္စည်းများ၊ လျှပ်စစ် ဓာတ်အားနှင့် စွမ်းအင်ဆိုင်ရာ ပစ္စည်းများ၊ စားသောက် ကုန်ထုတ် စက်ပစ္စည်းများနှင့် ထုပ်ပိုးသည့် စက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်နှင့် လျှပ်စစ် အသုံးပြုပစ္စည်း များကိုလည်းကောင်း ကဏ္ဍအလိုက် ခင်းကျင်း ပြသထားသည်။
မြန်မာ ကုန်စည်ပြခန်း ဆောင်တွင် မြန်မာ့ပုလဲ ထွက်ကုန်များ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာ ပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ ပဲ၊ နှမ်း နမူနာများ၊ လက်မှု အနုပညာ ပစ္စည်းများနှင့် ဟိုတယ်နှင့် ခရီး သွားလာရေး ကဏ္ဍတို့ကို  ကုမ္ပဏီ (၅၅)ခုမှ မြန်မာ လုပ်ငန်းရှင် (၁၅၈)ဦးတို့က အခန်းပေါင်း (၈၄)ခန်းဖြင့် ပါဝင်ပြသ ထားပြီး ပြပွဲသို့ မြန်မာ လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း(၂၅ဝ)ကျော် တက်ရောက် ကြကြောင်း သိရသည်။
မြန်မာအမျိုးသား ပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့ (City Of Charm) အဖြစ် ကျောက်ဖြူမြို့ကို ရွေးချယ်ပြသ ထားသည်။ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခွင့်အလမ်းသစ်၊ တွန်းအားသစ်နှင့် အခြေအနေသစ်များ ဟူသော ယခုနှစ် ပြပွဲ၏ နှစ်လိုဖွယ်ရာမြို့ (Theme)နှင့် ကိုက်ညီသဖြင့် ကျောက်ဖြူမြို့ကို ရွေးချယ်ပြသ ရခြင်း ဖြစ်ကြောင်း သိရသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...